အရှေ့ပိုင်းတက္ကသိုလ် ဆရာ ဆရာမများအသင်း ဖွဲ့စည်းခွင့်ရရှိတာနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာဦးသန်းထိုက်က RFA ကို အခုလိုပြောပါတယ်။
"အသိအမှတ်ပြုလက်မှတ် ကျွန်တော်တို့ ဒီနေ့ပဲ ရပါတယ်ခင်ဗျ။ မှတ်ပုံတင်အရာရှိချုပ် မျိုးအောင်လက်မှတ်နဲ့ ထုတ်ပေးပါတယ်ခင်ဗျ။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ကတော့ ဆရာ ဆရာမများ အားလုံးက ဆွေးနွေးနိုင်တဲ့ဥစ္စာမျိုးတွေ၊ ကျွန်တော်တို့ survey တွေလုပ်မယ်။ သူတို့ဆီက အသံတွေကျွန်တော်တို့နားထောင်မယ်။ နောက်ထပ်ဖြစ်နိုင်စရာ ရှိတာတွေကို ကျွန်တော်တို့ ဆွေးနွေးပွဲတွေလုပ်မယ်။ နောက်ပိုင်းမှာ ပညာရေးနဲ့ ပတ်သက်တဲ့နည်းဥပဒေတို့ ဝင်ရောက်ပြီးတော့ အကြံဉာဏ်ပေးတဲ့ ဥစ္စာမျိုးတွေထိ ကျွန်တော်တို့လုပ်ဖို့ ရည်ရွယ်ထားပါတယ်"
ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ အရှေ့ပိုင်းတက္ကသိုလ် (တာဝ) တို့မှာ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်ဆရာ ဆရာမများအသင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေ လျှောက်ထားခဲ့တာဖြစ်ပြီး နှစ်လမပြည့်မီ ရက်ပိုင်းအလို ဒီကနေ့မှာတော့ တရားဝင်ဖွဲ့စည်းခွင့် အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။