လာမယ့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မတိုင်ခင် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၇၀၀ တက်ရောက်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ဒီနေ့ အတည်ပြုဆုံးဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
နေပြည်တော် Horizon Lake View Hotel မှာ နှစ်ရက်ကြာ ကျင်းပပြီးနောက် အတည်ပြုဆွေးနွေးနိုင်ခဲ့တာဖြစ်တယ် လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောပါတယ်။
"အစိုးရနဲ့ လွှတ်တော်က ၁၅ဝ ကိုကျနော်တို့ လက်ခံတယ်၊ နောက်ပြီးတော့ တပ်မတော်ကလည်း ၁၅ဝ၊ တိုင်းရင်း သားလက်နက်ကိုင်ကလည်း ၁၅ဝ၊ နိုင်ငံရေး ပါတီက ၁၅ဝနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ၅ဝနဲ့ အခြားဖိတ်ကြား ထားတဲ့ ၅ဝ ကို နောက်ဆုံးအားလုံးကတော့ ကျနော်တို့အတည်ပြုလို့ရတယ်၊ အယူအဆ မျိုးစုံရှိတဲ့အတွက် နောက် ဆုံးညှိနှိုင်းတာကိုတော့ ဆရာဦးဉာဏ်ဝင်းတို့ဘက် ကနေ ဆွေးနွေးပေးတဲ့အတွက် အားလုံးကတော့ သဘောတူတဲ့ အနေအထားပါပဲ"
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ UPDJC အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အကြမ်းကို ရေးဆွဲနိုင် ခဲ့ပြီး နိုင်ငံတော်သမ္မတထံ ဒီနေ့ ပေးပို့မယ်လို့လည်း သိရပါတယ်။
နိုင်ငံတော်သမ္မတထံကနေ ပြန်လည်ရရှိလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူချောအတိုင်း လာမယ့်နှစ် ဇန်နဝါရီလ ၁၅ရက်နေ့ မတိုင်ခင် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရမှာဖြစ်ပါတယ်။
အဲဒီ UPDJC တတိယအကြိမ် စုံညီအစည်းအဝေးအကြောင်းကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် ပေးပို့တာကို ကိုကျော်သူက တင်ပြထားပါတယ်။
0:00 / 0:00