အဲဒီ အထက်မြန်မာပြည် တောင်သူလယ်သမားများ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် နောင်ချို၊ စစ်ကိုင်းတိုင်းက စလင်းကြီး၊ ကန့်ဘလူ၊ ကန္နီ၊ မန္တလေးတိုင်းက တံတားဦး၊ စဉ့်ကိုင်၊ ပြင်ဦးလွင်၊ မတ္တရာ၊ မြစ်သားစတဲ့ မြို့နယ် တော်တော်များများက တောင်သူဦးကြီးတွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ILO ကွန်ယက်အနေနဲ့ တောင်သူဦးကြီးတွေ နစ်နာဆုံးရှုံးမှုတွေကို မှတ်တမ်းတင်ပြီး ရှေ့ဆက် လုပ်ဆောင်ရမှာတွေအတွက် ပြင်ဆင်တာပါလို့ ဦးဆောင်စီစဉ်သူ တစ်ဦးလည်းဖြစ် အိမ်ရှင်လည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းက ဦးကိုကိုကြီးက ပြောပါတယ်။
“ကျွန်တော်တို့ ILO ကွန်ယက်အနေနဲ့ တောင်သူ လယ်သမားရေးရာ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးရေး ညှိနှိုင်းရေး အစည်းအဝေးမှာ၊ ကျွန်တော်တို့ နစ်နာဆုံးရှုံးနေတဲ့ တောင်သူ လယ်သမားတွေအပေါ် ဘာဆက်ပြီးတော့ အကူအညီပေးရမလဲ ဆိုတာကို ဆွေးနွေးကြတာပါ၊ ဒီကိစ္စတွေကို ကျနော်တို့က ဒေါ်အောင်ဆန်း စုကြည်ဆီနဲ့ သမ္မတဆီ တင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ တောင်းဆိုနေကြတာပါပဲ”
ဒီဆွေးနွေးပွဲမှာ စလင်းကြီးမြို့နယ် ကြေးနီတောင်မှာ ရွာပြောင်းရွှေ့ရမှုများ၊ စဉ့်ကိုင်မြို့နယ် ကံလူးကျေးရွာမှာ မြေယာများကို စစ်တပ်ကသိမ်းယူပြီး ကိုယ်တိုင်လုပ်ကိုင်မှုမရှိဘဲ ပြန်လည်အငှားးချစားမှု၊ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးဒေသမှာ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ရဲ၊ မီးသတ်သင်တန်းကျောင်း စတာတွေအတွက် သိမ်းဆည်းတာတွေ စသည်ဖြင့် တောင်သူလယ်သမားတွေ ဆွေးနွေးရာမှာ ပါဝင်ပါတယ်လို့ ဦးကိုကိုကြီးကပြောပါတယ်။
တောင်သူတွေရဲ့ သဘောထားနဲ့ ပတ်သက်လို့လည်းသူက -
“နိုင်ငံတော်အတွက်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်အတွက်၊ မီးသတ်အတွက်၊ ရဲသင်တန်းကျောင်းအတွက်ဆိုတဲ့ အဆောက်အဦတွေနဲ့ သင်တန်းပို့ချသွားတဲ့ နေရာတွေကိုတော့ တောင်သူလယ်သမားတွေက ကျေနပ်ကြတယ်ပေါ့ဗျာ။ ပိုနေတဲ့မြေတွေကို သူတို့လည်း မလုပ်နိုင်ဘဲနဲ့ တခြား နီးစပ်ရာသူတွေကို အခကြေးငွေယူပြီးတော့ အဲဒါတွေချစားတဲ့အပေါ်မှာ အဲဒါတွေကို အခကြေးငွေ မယူဘဲနဲ့ သူတို့ ပြန်လည်ရရှိရေးအတွက် သူတို့ တောင်းဆိုနေကြတာပါ”
တက်ရောက် ဆွေးနွေးသူတွေအထဲက ပြင်ဦးလွင်မြို့နယ် ညောင်တုန်းကျေးရွာက ဦးနေလင်းဦးက-
“အခုမြေယာသိမ်းတဲ့ ကိစ္စတွေက လျော်ကြေးတွေလည်း ပေးပါတယ်။ လျော်ကြေးရတဲ့ တောင်သူတွေတော့ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့က မတရား လက်မှတ်ထိုးခိုင်းတယ်။ မလိုချင်တဲ့ ဟာတွေကို အတင်းထိုးပေးတယ်" လို့ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို အာဏာပိုင်တွေဘက်က ဘာအတားအဆီးမှ ပြုလုပ်တာမရှိဘဲ လယ်ယာမြေ အသိမ်းခံရမှုအပါအဝင် ပြဿနာပေါင်း ၂၀ ကျော်ကို တောင်သူတွေက တင်ပြ ဆွေးနွေးသွားတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ILO ကွန်ယက်မှ ဦးအေးသိန်းက ပြောပါတယ်။
