ပါတီများမှတ်ပုံတင် ဥပဒေ ပြင်ဆင်ရေးဆွေးနွေးဖို့ အမျိုးသားလွှတ်တော် လက်ခံ

လက်ရှိပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ဖို့ ဒီနေ့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အဆိုတင်သွင်းခဲ့တာကို အတည်ပြုလိုက်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ နိုင်ငံသားမဟုတ်ပဲ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ ပါတီတည်ထောင်ခွင့်ရရှိနေတာတွေ ပါရှိနေတာကြောင့် ပြင်ဆင်ပေးဖို့ အဆိုတင်သွင်းတာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က RFA ကိုပြောပါတယ်။

"ကျနော်တို့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ လာခဲ့တဲ့နိုင်ငံရေးပါတီတွေ ပြန်ကြည့်လို့ရှိရင် နိုင်ငံသားမဟုတ်တဲ့ ခုနကလို ဧည့်နိုင်ငံသားတောင်မဟုတ် နိုင်ငံသားပြုခွင့်တောင်မရတဲ့ သက်သေခံကတ်ပြား အဖြူလေးတွေကိုင်တဲ့ပုဂ္ဂိုလ်ကို မဲပေးခွင့်ပြုတယ်၊ အဲဒီပုဂ္ဂိုလ်တွေကို မှတ်ပုံတင်ပြီးဝင်အဖြစ် သွတ်သွင်းပေးတာ အင်မတန်မှ ကြောက်စရာကောင်းတယ်၊ မလုပ်သင့်တဲ့ ပြည်ထောင်စုကို ဖြိုခွဲနိုင်တဲ့အချက်တွေဖြစ်တယ်ဆိုတာ သတိထားသင့်တယ်၊ နိုင်ငံသားဖြစ်ခြင်းဆိုတဲ့ ၃၆၉ ပါ နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးကို ရစေချင်လို့ ကျန်တဲ့ဧည့်နိုင်ငံသားကို နိုင်ငံသားပြုခွင့်၊ ဘာမှကိုမဆိုင်တဲ့ ယာယီသက်သေခံလက်မှတ်ကိုကိုင်တဲ့ ပုဂ္ဂိုလ်တွေက ပါတီတည်ထောင်ခွင့်တို၊့ ပါတီအတွင်းမှာ စည်းရုံးခွင့်အကုန်လုံးကို ဖျက်သင့်ပြီဆိုတာကို ကျနော်ဆိုလိုချင်တာဖြစ်တယ်"

နအဖအစိုးရလက်ထက်ပြဌာန်းခဲ့တဲ့ ၂/၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား နိုင်ငံသားပြုခွင့်ရသူ (သို့ ) ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်းဆိုတဲ့ စကားရပ်အစား နိုင်ငံသားဖြစ်ခြင်းလို့သာပြင်ဆင်ဖို့ ဒေါက်တာအေးမောင်က အဆိုတင်သွင်းခဲ့တာပါ။

ဒါ့အပြင်လက်ရှိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ ပုဒ်မခွဲမှာ ပါတီတည်ထောင်လိုသူတွေရဲ့ မိဘတွေဟာလည်း ဧည့်နိုင်ငံသားဖြစ်ရင်တောင် ပါတီတည်ထောင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတဲ့အတွက် နိုင်ငံသားဖြစ်ရမယ်လို့ ပြောင်းလဲပြင်ဆင်သင့်ကြောင်း ဒေါက်တာအေးမောင်က အဆိုတင်သွင်းခဲ့တာပါ။