ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်းသား UNFC အဖွဲ့တို့ ဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC အဖွဲ့က ဦးနိုင်ဟံသာ ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ဒီနေ့မနက် ၉ နာရီက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Holiday Inn Hotel မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ မူဘောင်ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အကြိုညှိနှိုင်း တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရဖက်က ရေးဆွဲထားတဲ့ လမ်းပြမြေပုံ ၈ ချက်နဲ့ UNFC ဖက်က ရေးဆွဲထားတဲ့ လမ်းပြမြေပုံ ၆ ချက်တို့အပါအဝင် အချက် ၃ ချက်ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ UNFC က အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုလို ပြောပါတယ်။

"Road Map ကိစ္စ ဆွေးနွေးတယ်၊ frame work ကိစ္စ ဆွေးနွေးတယ်၊ နောက်ပြီးတော့မှ သူတို့ဖက်က တင်ပြလာတဲ့ အဓိက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးကြတယ်၊ တကယ် သဘောတူ ဆုံးဖြတ်ချက်ချတဲ့အဆင့်မျိုးတော့ တစ်ခုမှမရဘူး၊ တချို့ဟာကိုလည်း ပြင်ဆင်ရမယ်၊ တချို့ဟာကိုလည်း ဖြည့်စွက်ရမယ်၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဖက်ကပြောတယ်၊ ဒါကတော့ သူတို့ ဖြစ်စေချင်တယ်၊ ကျနော်တို့ဖက်ကတော့ အဲ့ဒါကို အဖြေမပေးသေးဘူး၊ အပစ်ရပ်တယ်ဆိုတာကတော့ ဒီအတိုင်းရပ်နေဖို့ မဟုတ်ဘူး၊ နိုင်ငံရေးအရဆွေးနွေးဖို့ဖြစ်တယ်၊ အဲ့တော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးအရဆွေးနွေးဖို့ အခြေအနေတွေ နားလည်မုှတွေလည်းရှိဖို့လည်း လိုတယ်၊ ဒါကိုလည်း နာလည်မှု အခိုင်အမာရှိပြီးတော့မှ လက်မှတ်ထိုးတာကတော့ ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ သဘောထားမျိုးပေါ့ဗျာ၊၊ ကျနော်တို့က အဲ့လိုပေးလိုက်ပြီဖြစ်တယ်"

ဒီမနက်ဆွေးနွေးပွဲအဖွင့်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ဝ ရက်နေ့က UNFC နဲ့ UPWC တို့ ပထမအကြိမ် တွေ့ဆုံခဲ့ချိန်က နောက်နှစ်လအတွင်း ထပ်မံတွေ့ဆုံကြဖို့ ညှိနှိုင်းသဘောတူခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၆ လကျော်ကြာပြီးမှ တွေ့ဆုံနိုင်တာဟာ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့ ယုံကြည်မှုကျဆင်းနိုင်တဲ့အတွက် နှစ်ဖက်စလုံးမှာတာဝန်ရှိသလို အမြန်ဆုံးကြိုးစားလုပ်ဆောင်သွားကြဖို့ နိုင်ဟံသာက အကြံပြုတိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ဆွေးနွေးပွဲမှာ အောင်မြင်တဲ့ရလာဒ်ကောင်းတွေရရှိပြီး လာမည့်အောက်တိုဘာ တတိယပတ်ထဲမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးနိုင်တော့မှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို အခုလို ပြောပါတယ်။

"အားလုံးပြီးသွားလို့ရှိရင် တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပါမယ်၊ ထိုးတဲ့အခါမှာလည်း အချက်အလက်တွေ ဘာမှအသစ်အဆန်းတွေမပါဘူး၊ အဲ့ဒီ အချက်အလက်တွေက ဘာတွေဖြစ်မလဲဆိုလို့ရှိရင် ပြည်နယ်အဆင့်မှာ လက်မှတ်ထိုးထားတဲ့ အချက် ၄ ချက်ပဲလေ၊ အဲ့ဒီ အချက်လေးချက်မှာ နောက်တစ်ချက်ထပ်ပြီးတော့ ပေါင်းပေးလိုက်မယ်၊ ဘာလဲဆိုရင် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်မယ် ဆိုတာလေးကို ပေါင်းပေးလိုက်မယ်၊ အဲ့ဒါလေးကို အောက်တိုဘာလမှ လကုန်လောက်မှာလုပ်ဖို့ လုပ်ထားပါတယ်၊ လုပ်ငန်းစဉ်က တဆက်တည်းဖြစ်သော်လည်း သဘောသဘာဝခြင်းက မတူကြဘူး၊ မတူတော့ ကြားထဲမှာ လိုင်းလေးတစ်လိုင်းတားချင်တာပေါ့၊ အဲ့လိုင်းကဘာလဲဆိုရင် ခုနကပြောတဲ့ လက်မှတ်ထိုးဖို့ဆိုပြီး လုပ်တာပါ၊ အဲ့တော့ ဒီကိစ္စတွေလည်း ကိုယ်တို့ဆွေးနွေးကြတယ်"

ဒီဆွေးနွေးပွဲကို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က နိုင်ဟံသာ ဦးဆောင်တဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ၁၂ ဦးနဲ့ လေ့လာသူ ၇ ဦး တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့မှာ ဝန်ကြီး ဦးအောင်မင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီနဲ့ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်းတို့ ပါဝင်တဲ့အဖွဲ့ဝင် ၁၃ ဦး တက်ရောက်ခဲ့ကြပါတယ်။

UPWC အဖွဲ့ဟာ UNFC နဲ့ မတွေ့ဆုံခင် စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီကလည်း RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့ဝင် ၇ ယောက်နဲ့အတူ KNU ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။