နိုင်ငံရေးလမ်းပြမြေပုံ သဘော တူညီချက် မရသေးဘူးလို့ NCCT ပြော


2014.09.24
ncct-305 “နိုင်ငံရေးလမ်းပြမြေပုံ” နဲ့ပတ်သက်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ UPWC နဲ့ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖဲ့ွ NCCT တို့ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Myo Zaw Ko/ RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ထဲ မှာပါတဲ့ “နိုင်ငံရေးလမ်းပြမြေပုံ” နဲ့ပတ်သက် ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖဲ့ွ NCCT တို့အကြား တိကျတဲ့ သဘောတူညီမှု မရရှိသေးကြောင်း NCCT အဖဲ့ွဝင်တွေ က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ NCCT နဲ့ UPWC တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုရေး ဆွေးနွေးပွဲ တတိယနေ့အပြီးမှာ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်က အခုလိုပြောခဲ့တာပါ။

"ဒီနေ့ဟာ ကျနော်တို့ တော်တော်များများ ဆွေးနွေး တယ်၊ တိကျသော  သဘောတူညီချက်တော့ မရသေးဘူး၊ စိစစ်ဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့  အများကြီးလမ်းဖွင့်ထားပါတယ်၊ သို့သော် တချို့နေရာမှာတော့ နည်းနည်းပါးပါး  နောက်ကြောင်းပြန် ပြီးတော့ ဆွေးနွေးနေတာလည်း အများကြီးရှိတယ်၊  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ကျနော်တို့ ဖော်ပြ  ချင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လမ်းပြမြေပုံကိစ္စတွေလည်း ကျနော်တို့  အသစ်လို လို ပြန်ဆွေးနွေးတာလည်း တွေ့ရပါတယ်"

ဒီကနေ့ ဆွေးနွေးပွဲမစတင်ခင်မှာ NCCT အဖွဲ့ဟာ တပ်မတော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ နောက်ကြောင်းပြန်မလှည့်သွားဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်က ပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဒီဆွေးနွးပွဲကို ကျနော်တို့တွေက နှစ်ဖက်စလုံးကလုံးကနေပြီးတော့ ကြိုးကြိုး စားစားနဲ့ပေါ့နော်၊ စိတ်ရှည်ရှည်ထားပြီးတော့ ကျနော်တို့ဆွေးနွေးကြဖို့ နောက်ကြောင်းပြန် မလှည့်ဖို့၊ နောက်ကြောင်းပြန်မလှည့်ဖို့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတော့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးဖို့အတွက် လိုအပ်တယ်ဆိုတဲ့ဟာကို ကျနော်တို့အနေနဲ့ ညှိနှိှုင်းကြတာ၊ သဘောတူ ကြတာဖြစ်ပါတယ်"

တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်မဆွေးနွေးရသေးကြောင်း လည်း သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင် ဖို့အတွက် လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဆွေးနွေးဖို့ စီစဉ်ထားတာဖြစ် ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို လည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။