အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ နောက်တစ်ကြိမ် တွေ့ဆုံမယ့်ပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တတိယ မူကြမ်းအဆင့် မဟုတ်တော့ဘဲ နောက်ဆုံး အဆင့် မူကြမ်းဖြစ်အောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဘက်က ကြိုးစားပေးဖို့ စစ်ဆင်ရေး အထူးအဖွဲ့မှူး-၃၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဒီနေ့ ဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
နောက်ဆုံးအဆင့် မူကြမ်းရရှိအောင် အစိုးရဘက်က လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းတစ်ခုရရှိရေး ညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက အခုလို ပြောခဲ့တာပါ။
"လာမယ့် ပြုလုပ်မယ့် အစည်းအဝေးမှာလည်းပဲ အခုထက်ပိုပြီးတော့ တိုးတက်အောင်လို့ ဖြစ်နိုင်လို့ရှိရင် တတိယမူကြမ်း မဟုတ်ဘဲနဲ့ နောက်ဆုံးအတည်ပြုနိုင်တဲ့ မူကြမ်းတစ်ခုရောက်အောင် နှစ်ဖက်အဖွဲ့အစည်းက ကြိုးပမ်းဆောင်ရွက်ပေးပါ၊ ကျနော်တို့လည်း သက်ဆိုင်ရာ အကြီးအကဲများကို တင်ပြပြီးတော့မှ ကျနော်တို့ ရည်မှန်းချက်ထားတဲ့အတိုင်း အောင်မြင်အောင် ကြိုးစားဆောင် ရွက်သွားမှာဖြစ်သလို တစ်ဖက်က တိုင်းရင်းသား ကိုယ်စားလှယ်များ အားလုံးကလည်း ဒီကိစ္စကို အမြန်ဆုံး ပြီးမြောက်ရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်ပေးပါလို့ ပန်ကြားလိုပါတယ်"
ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို ကိုယ်စားပြုတဲ့ NCCT တို့ ဒီနေ့ နောက်ဆုံးနေ့ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့ပါတယ်။
အဲဒီမူကြမ်းကို တိုင်းရင်းသားခေါင်းဆောင်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင်တွေထံ တင်ပြရမှာဖြစ်သလို လာမယ့် ဆွေးနွေးပွဲကို ဇွန်လထဲမှာကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
