မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Victoria Nuland က မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ခြေလှမ်းတွေနဲ့ လိုက်ဖက်ညီအောင် မိမိတို့ဘက်ကလည်း ပြင်ဆင်နေကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က ရှေ့ဆက်ဘာတွေ ဆောင်ရွက်ရမလဲဆိုတာ သုံးသပ်နေပါတယ်။ အခုထိတော့ ထုတ်ဖော်ကြေညာစရာ မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့် သီတင်းပတ်တွေအတွင်း မိမိတို့ရဲ့ ရှေ့ခြေလှမ်းကို မြင်ကြရမှာပါလို့ ပြောဆိုခဲ့ပါတယ်။
အခုလို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မြန်မာပြည်နဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ ရှေ့အစီအစဉ် ဘာဖြစ်မယ်ဆိုတာ ထုတ်ဖော် မပြောဆိုခဲ့ပေမဲ့ အင်္ဂါနေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာကတော့ သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်တစ်ဦးကို မကြာခင် ရက်ပိုင်းအတွင်း ရွေးချယ် စေလွှတ်လိမ့်မယ်လို့ သတင်းရကြောင်း ဖော်ပြလိုက်ပါတယ်။
မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု အားလုံးကို ပြန်လည် မရုပ်သိမ်းသေးရင်တောင်မှ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးကြီးတဲ့ ခြေလှမ်းမျိုး လှမ်းလိမ့်မယ်လို့ ဝါရှင်တန်ပို့စ်က ဆိုပါတယ်။
ကြားသိရတဲ့ သတင်းအရ လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မစ္စတာ Derek Mitchell ဟာ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ် ဖြစ်လာဖွယ်ရှိတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာပါ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
