အမေရိကန် ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေ စိုးရိမ်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြတဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ အစီရင်ခံလွှာတွေမှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ချို့တဲ့နေတာ တွေ့ရတဲ့အတွက် အထူးစိုးရိမ်မိကြောင်း အဖွဲ့အစည်း ၂၆ ခုက အမေရိကန်သမ္မတ ဘာရက် အိုဘားမားဆီကို သြဂုတ်လ ၁၂ ရက် နေ့စွဲနဲ့ ပူးတွဲ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပေးပို့ခဲ့ကြပါတယ်

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြတဲ့အခါ ရင်းနှီးမြှုပ်နှံပုံနည်းလမ်း၊ ဖက်စပ်လုပ်ကိုင်သူ မည်သူမည်ဝါ၊ လုပ်ကိုင်ခွင့်ရရှိပုံ၊ မိမိတို့ရင်းနှီးမြှုပ်နှံမှုရဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်တွေအပေါ် သက်ရောက်မှုအခြေအနေ၊ မြန်မာအစိုးရကို ငွေပေးချေပုံ၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ မူဝါဒတွေနဲ့ ဆောင်ရွက်ပုံနည်းလမ်းတွေ၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ပုံစတာတွေအကြောင်း စံုံစုံလင်လင်အကျဉ်းရုံးပြီး အမေရိကန်အစိုးရဆီကို ဇူလိုင်လ နောက်ဆုံးထား တင်ပြအစီရင်ခံရမှာဖြစ်ပါတယ်။

ဒါပေမယ့် Capital Bank, Trust Company, Hercules Offshore, Crowley Marine Services စတဲ့ ကုမ္ပဏီကြီးတွေရဲ့ အစီရင်ခံလွှာတွေမှာ အရေးကြီးတဲ့ သတင်းအချက်တွေ မပါဝင်ဘဲ ဖြစ်နေတာကြောင့် စိုးရိမ်စရာဖြစ်နေတယ်လို့ ပူးတွဲအိတ်ဖွင့်ပေးစာမှာေ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လာဘ်ပေးလာဘ်ယူ ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု စတာတွေဟာ ဆိုးရွားနေဆဲ ဖြစ်နေတာကြောင့် နောင်မှာ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ပြဌာန်းထားတဲ့ စည်းမျဉ်းတွေအတိုင်း အချက်အလက်တွေ စုံစုံလင်လင်နဲ့ အစီရင်ခံတင်ပြကြအောင် ဖိအားပေးဖို့ သမ္မတ အိုဘားမားကို အဖွဲ့အစည်း ၂၆ ခုက တိုက်တွန်းလိုက်ကြပါတယ်။

အဲဒီအဖွဲ့အစည်း ၂၆ ခုမှာ HRW လူ့အခွင့်အရေးအဖွဲ့၊ Freedom Houe၊ Earthrights International၊ Burma Campaign UK၊ US Campaign for Burma ၊ Global Witness၊ Karen Human Rights Group၊ Karenni Civil society Network စတဲ့ အဖွဲ့တွေပါဝင်ကြပါတယ်။