မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ အခုထက်ပိုမိုလုပ်ဆောင်ဖို့လိုကြောင်း ဆုံးဖြတ်ချက်ချဖို့အတွက် အဆိုပြုလွှာတစ်ရပ်ကို နာမည်ကြီး အမေရိကန် အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဂျိုးဇက်ဖ် ကရော်လီ Joe Crowley နဲ့ စတိဗ် ရှားဘာ့တ် Steve Chabot တို့က မတ်လ ၃ ရက်နေ့မှာ တင်သွင်းလိုက်ပါတယ်။
အောက်လွှတ်တော်ကို တင်ပြလိုက်တဲ့ အဲ့ဒီအဆုြိပုလွှာမှာ အာဏာရှင်တွေလက်အောက် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရတဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ကာကို အသိအမှတ်ပြုရင်း တပြိုင်နက်မှာ လူ့အခွင့်အရေး ဆက်လက်ချိုးဖေါက်မှုတွေ အဆုံးသတ်ရေးအပါအဝင် ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် တိုးတက်လုပ်ဆောင်ဖု့ိ တောင်းဆိုထားပါတယ်။
လွှတ်တော်အမတ် Mr. Crowley က ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ်လိုလားကြောင်း သက်သေပြသလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ထောင်ထဲမှာရှိနေသေးသလို တိုင်းရင်းသားဒေသတွေမှာလည်း မငြိမ်မသက် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပါပဲ။ စစ်မှန်ပြီး ခိုင်မာတည်တံ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်နိုင်ဖို့ အတွက် လှုပ်ရှားကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ မိမိတို့ ဆက်လက်ရပ်တည်မှာဖြစ်တယ် လို့ ပြောပါတယ်။
Mr. Chabot ကလည်း မြန်မာပြည်သူတွေဟာ လက်ရှိဒီမိုကရေစီရေး ပြောင်းလဲတိုးတက်မှုတွေအတွက် အကျိုးကျေးဇူးများစွာ ရရှိသင့်သူတွေဖြစ်ပါတယ်။ ပြောင်းလဲမှုဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး ဆိုတာလည်း သိပါတယ်။ မိမိတို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရှိတဲ့ ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေး ကြိုးစားမှုတွေကို ဆက်လက်အားပေး ကူညီသွားမှာဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် အမေရိကန်အောက်လွှတ်တော်ကို တင်ပြလိုက်တဲ့ အဲဒီ ဆုံးဖြတ်ချက်အဆိုပြုလွှာမှာ သမ္မတ အိုဘားမား နဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့ကို လူ့အခွင့်အရေး၊ လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာသမ္မတ ဦးသိန်းစိန် အခိုင်အမာ ကတိပေးခဲ့တဲ့ အချက် ၁၁ ချက်ကို မမေ့မလျှော့ အာရုံစိုက်လုပ်ဆောင်ကြဖို့နဲ့ လက်ရှိ မြန်မာအစိုးရအနေ နဲ့ အစိုးရသစ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အချိန်မီ အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုကြောင်းလည်း ပါဝင်ပါတယ်။
တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့မှုနဲ့ တခြားပါတီတွေ ပါဝင်အရွေးခံခဲ့ကြတာကိုလည်း ဂုဏ်ပြု မှတ်တမ်းတင်ထားပါတယ်။
အမေရိကန် အောက်လွှတ်တော်အမတ် Joe Crowley နဲ့ Steve Chabot တို့ဟာ မြန်မာပြည်ပိတ်ဆို့ရေး ဥပဒေ ပြဌာန်းရေးအတွက် ၂ဝ၁၄ ခုနှစ်က ကမကထပြု တင်ပြခဲ့ကြသူတွေဖြစ်ပါတယ်။
