အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်လည် သုံးသပ်နေကြောင်းနဲ့ အခုချိန်ထိ မရုပ်သိမ်းသေးတာဟာ မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်အောင် ရည်ရွယ်ခဲ့ခြင်း မဟုတ်ကြောင်း အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ် က ဒီနေ့ ပြောကြားလိုက်ပါတယ်။
မိမိတို့အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းသာယာဝပြောပြီး ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတာကို ရှုမြင်ချင်ပါတယ်လို့ ရန်ကုန်မြို့ အမေရိကန်စင်တာက တွေ့ဆုံပွဲမှာ သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။
အကန့်အသတ်ထားပြီး အရေးယူပိတ်ဆို့တာဖြစ်ပေမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မရည်ရွယ်ဘဲ ထိခိုက်တာတွေရှိနိုင်တယ်ဆိုတာကိုလည်း မိမိတို့ သတိပြုမိပါတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေဘက်က ရပ်တည်မှာဖြစ်သလို၊ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မပြီးဆုံးသေးဘူးဆိုတာကို နားလည်သဘောပေါက်ကြောင်း၊ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အစိုးရသစ်ပေါ်ပေါက်လာတာဟာ မြန်မာ့ဒီမိုကရေစီရေးမှာ အဓိကကျတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ဒါကြောင့် အခုလို ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို မိမိတို့ပြန်လည် သုံးသပ်နေပါကြောင်း စသဖြင့် မစ္စတာ စကော့မာစီရယ်လ်က ပြောဆိုပါတယ်။
တဆက်တည်းမှာပဲ လက်ရှိပြန်လည်သုံးသပ်မှုတွေကနေ ဘယ်လိုအဖြေထွက်လာမလဲဆိုတာကို မိမိ မပြော နိုင်သေးပေမယ့်၊ မိမိတို့ရဲ့ရပ်တည်ချက်ကတော့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူပြုရေးပါပဲ လို့ သံအမတ်ကြီးက ပြောပါတယ်။
စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ခရိုနီစီးပွားရေးတွေကြောင့် အမေရိကန် ပြည်ထောင် စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်တဲ့ မူဝါဒချမှတ်ထားခဲ့ပြီး၊ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အနည်းငယ်ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စီးပွါးရေးသမားတွေနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကို သီးခြားစိစစ်သတ်မှတ်ပြီး ဆက်လက် ပိတ်ဆို့အရေးယူထားတာဖြစ်ပါတယ်။
