ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမည်ပျက် စာရင်းသွင်း ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက စစ်ရေးဆိုင်ရာပစ္စည်းတွေ ဝယ်ယူမှုနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူတာဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ မြောက်ကိုရီးယားဆီက စစ်ပစ္စည်းတွေ မဝယ်ယူဖို့ဆိုတဲ့ နိုင်ငံတကာစည်းမျဉ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်ပြီး တားဆီးပိတ်ပင်ထားပါတယ်။
ဒါပေမယ့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးရဲ့ကိုယ်စား မြောက်ကိုရီးယား စစ်သုံးပစ္စည်းတွေ ဝယ်ယူခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကဆိုပါတယ်။
မြန်မာ့တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးကို အမေရိကန်ပြည်ထောင်စုက ၂၀၁၂ ခုနှစ် ဇူလိုင်လက ပိတ်ဆို့အရေးယူခဲ့တာပါ။ အခုအခါ အဲဒီရုံးရဲ့အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပေါ်လျစ်လျူရှုမှု နဲ့ အရေးယူလိုက်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ စီးပွားရေးလုပ်ငန်းလုပ်ခွင့်၊ ငွေကြေးအလွှဲ အပြောင်းလုပ်ခွင့်မရှိသလို၊ သူ့ရဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။
အခုလိုအရေးယူတာဟာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကိုသာ ပစ်မှတ်ထား အရေးယူတာဖြစ်ပြီး၊ အပြုသဘောဆောင် ခြေလှမ်းတွေ ဆက်လက်လျှောက်လှမ်းနေတဲ့ မြန်မာအစိုးရနဲ့ မသက်ဆိုင်ကြောင်း၊ မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ တခြားအကူအညီတွေကို မဝယ်ယူ၊ မရယူကြဖို့ နိုင်ငံတကာကို တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာဖြစ်တယ်လို့ မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လူသိရှင်ကြား ကြေညာခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဖြစ်ခဲ့ပြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း ၂ဝ၁၃ ခုနှစ် ဖေဖေါ်ဝါရီလအထိ တာဝန်ယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ အတူလိုက်ပါခဲ့ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ဇာတိ ဖြစ်ပါတယ်။
