မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံမယ်လို့ နေပြည်တော် သမ္မတရုံးက အတည်ပြု ပြောပါတယ်။
ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာနဲ့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေအကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
မစ္စတာ ကယ်ရီဟာ သမ္မတဦးထင်ကျော် ရုရှားက ပြန်မရောက်သေးတဲ့အတွက် မြန်မာသမ္မတနဲ့တော့ တွေ့ဆုံမှာ မဟုတ်ဘူးလို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန်ကယ်ရီတို့ ဘာတွေ အဓိကဆွေးနွေးကြမယ်ဆိုတာကိုတော့ လောလောဆယ်အထိ အသေးစိတ် မသိရသေးပါဘူး။
ဂျွန်ကယ်ရီရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတင်မြှောက်တဲ့ အရပ်သားအစိုးရသစ် အပေါ် ထောက်ခံအားပေးကြောင်း၊ ဒီမိုကရေစီရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကို အမေရိကန် အနေနဲ့ နောက်ထပ် ပံ့ပိုးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြသတဲ့အနေနဲ့ သွားရောက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
