အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေကို အကန့်အသတ်နဲ့ တိုးမြှင့်ခွင့်ရဖို့အတွက် အမေရိကန်လွှတ်တော်မှာ မနေ့ကတိုက်တွန်းခဲ့ပေမယ့် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အမေရိကန်လွှတ်တော်မှာ မနေ့ကကျင်းပတဲ့ မြန်မာပြည် ဆိုင်ရာ အောက်လွှတ်တော်ကြားနာပွဲမှာ သမ္မတ အိုဘားမားအစိုးရအဖွဲ့ ထိပ်တန်းအရာရှိတွေက ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်ကပါဝင်တဲ့ အခန်းကဏ္ဍနဲ့ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပို့ချခြင်းအားဖြင့် မြန်မာအစိုးရနဲ့ အမေရိကန်အကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်နိုင်တယ် လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေးဌာန အရာရှိ Vikram Singh က မြန်မာအစိုးရဟာ သူတို့တပ်မတော်ကို ခေတ်မှီတိုးတက်အောင် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိနေတယ်လို့ ယုံကြည်ကြောင်း၊ မြန်မာ တပ်မတော်အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်အောင် သမ္မတ အိုဘားမားအစိုးရက ကူညီလိုကြောင်းစသဖြင့် ပြောကြားသွားပါတယ်။
မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို တိုးချဲ့ခဲ့ပေမယ့်လည်း အမေရိကန်လွှွတ်တော်အမတ်တွေအတွင်းမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ မြောက်ကိုးရီးယား-မြန်မာ အဆက်အသွယ်ရှိနေတာတွေကိုထောက်ပြပြီး မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး တိုးချဲ့တာကို ဆန့်ကျင်နေသူတွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ မနေ့ကကြားနာပွဲမှာ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်မှုအတွက် နာမည်ကျော်ကြားတဲ့ အောက်လွှတ်တော်အမတ် Joe Crowley က အမေရိကန်အစိုးရဟာ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဥပက္ခာပြုပြီး စစ်ရေးဆက်ဆံမှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
တဆက်တည်းမှာပဲ သူကလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီး သမ္မတဖြစ်လာနိုင်ဖို့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပြင်ဆင်မှုလို ထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက ဆောင်ရွက်ပြီးမှသာလျှင် အဲဒီလုပ်ရပ်မျိုးကို အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ မိမိတို့ အမေရိကန်ပြည်ထောင်စုက စစ်ရေးကူညီမှုတွေကို တိုးချဲ့ပေးအပ်သင့်တယ်လို့လည်း ပြောဆိုသွားပါတယ်။
