မြန်မာ့တပ်မတော် ခေတ်မှီ တိုးတက်ဖို့ အမေရိကန် ကူညီမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိူးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော် ကို လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုးမရှိပါဖူးလို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ်တခုဖြစ်လာအောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။