မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ အရည်အသွေးမြှင့်တင်ရေး အမေရိကန်ကူညီမည်

အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရ ပူးပေါင်းပြီး တရားဥပဒေ စိုးမိုးရေးနဲ့ တပ်မတော်အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေဝန်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William R. Brownfield က ဒီကနေ့ ပြောလိုက်ပါတယ်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ဟာ မြန်မာအစိုးရအရာရှိတွေနဲ့ နေပြည်တော်မှာတွေ့ဆုံအပြီး ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

ရဲတပ်ဖွဲ့၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စဟာ နိုင်ငံတကာနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အရေးကိစ္စဖြစ်တာမို့ အမေရိကန်အစိုးရအနေနဲ့ မိမိတို့ရဲ့ကြိုးပမ်းမှု၊ ချိတ်ဆက်ဆောင်ရွက်မှုနဲ့ အစီအစဉ်တွေကို မြန်မာအစိုးရဌာနအားလုံးနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမှာပါလို့ ပြောသွားတာပါ။

ဒါအပြင် မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့ လုပ်ငန်းစဉ်တွေမှာ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း အဲဒီ့အမေရိကန်အရာရှိက တိုက်တွန်းသွားခဲ့ပါတယ်။ သူဟာ စက်တင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရထိပ်ပိုင်းအရာရှိတွေ၊ ရဲတပ်ဖွဲ့ရဲမှူးကြီးတွေအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။