မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဖို့ အမေရိကန် ပြင်ဆင်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေကို တစ်ဆင့်တိုးပြီး ဆောင်ရွက်လုပ်ကိုင်ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေကြောင်း အမေရိကန် အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီမှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ကြားနာပွဲမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Mr. Adam Szubin က ပြောကြားလိုက်ပါတယ်။

2012.04.26

အမေရိကန်နိုင်ငံအနေနဲ့ နောက်ထပ်ခြေလှမ်း တစ်ဆင့်အဖြစ် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ကြေညာထားတဲ့အတိုင်း စီးပွားရေးဆိုင်ရာ အရေးယူထားတာတွေ အားလုံးကိုတော့ ရုပ်သိမ်းဦးမှာ မဟုတ်ပါဘူး။ အရင်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေအပေါ်မှာ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေက ရှိနေဦးမှာပါလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရက လျော့ချလိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အပေါ်မှာ မူတည်နေတယ်။ တကယ်လို့ အခြေအနေတွေဟာ နောက်ပြန်ဆုတ်သွားမယ်ဆိုရင် အမေရိကန်ဘက်က အချိန်မရွေး ပြန်လည်ပိတ်ဆို့ အရေးယူနိုင်ပါတယ်လို့ Mr. Adam Szubin က ပြောပါတယ်။

ကြားနားပွဲမှာ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေက သူတို့ကိုယ်တိုင် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက သွားရောက်ခဲ့ကြပြီး မြန်မာပြည်မှာ အမှန်တကယ်ပဲ ပြုပြင်ပြောင်းလဲလိုတဲ့ လက္ခဏာရပ်တွေ မြင်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုသွားခဲ့ကြပါတယ်။

အမေရိကန် အထက်လွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေး ကြားနာပွဲကို သဘာပတိအဖြစ် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဆောင်ရွက်ခဲ့ပါတယ်။

အဓိက ထွက်ဆိုသူတွေကတော့ အမေရိကန်နိုင်ငံခြားရေး အာရှပစိဖိတ်ဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ရွမ်၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Mr. Adam Szubin နဲ့အတူ မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက် စောင့်ကြည့်ခဲ့တဲ့ NDI ကိုယ်စားလှယ် Mr. Peter Manikas၊ မြန်မာ့အရေး ကျွမ်းကျင်သူတွေဖြစ်တဲ့ အမေရိကန်ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်နဲ့ ပါမောက္ခ Karl Jackson တို့ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။