မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အမေရိကန်ကုမ္ပဏီတွေ နည်းလမ်းမှန်ဆောင်ရွက်ဖို့လို


2013.05.11

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ စူးစမ်းလေ့လာနေကြတဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီတွေအနေနဲ့ နည်းမှန်လမ်းမှန် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြဖို့လိုကြောင်း အမေရိကန်အစိုးရ အရာရှိကြီးတစ်ဦးက ပြောလိုက်ပါတယ်။

Texas ပြည်နယ် Houston မြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ကမ်းလွန်စွမ်းအင်ညီလာခံမှာ အမေရိကန် အစိုးရစွမ်းအင်နဲ့လုပ်ငန်းရေးရာ ဒုလက်ထောက်ဝန်ကြီး Robert Cekuta က - မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြမယ့် အမေရိကန်ကုမ္ပဏီတွေ အမြော်အမြင်နဲ့ ချင့်ချိန်ဆင်ခြင်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာတွေ လျော့ပေါ့လိုက်ပြီး၊ ရင်းနှီးမြှုပ်နှံဖို့ခွင့်ပြုခဲ့သလို၊ တပြိုင်တည်းမှာပဲ အမေရိကန်ရဲ့ မြှုပ်နှံမှုဟာ တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့လိုပါတယ်၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို လေးစားလိုက်နာရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ မြေနေရာသုံးစွဲပုံ သုံးစွဲနည်း မှန်ကန်ရမယ်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ နည်းနာတွေကျင့်သုံးရမယ် စတဲ့အချက်တွေကို လိုက်နာဖို့ကလိုပါတယ်၊ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပမာဏ ထုနဲ့ထည်နဲ့ရှိနေနိုင်ပါတယ်၊ ဒါပေမဲ့ စီးပွားရေးကိစ္စတွေဟာ လူ့အခွင့်အရေးကိစ္စတွေနဲ့ ဆက်စပ်နေပါတယ်လို့ Robert Cekuta က ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် အမေရိကန်သမ္မတ အိုဘားမားက အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံရေးမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပေမယ့်၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပစ်မှတ်ထားပိတ်ဆို့ခံစာရင်းဝင် လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့အတူ စီးပွားရေးလုပ်ကိုင်မှုကိုတော့ ကန့်သတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။