မြန်မာအစိုးရ အပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူရေး ဥပဒေတွေ အများအပြားရှိပါတယ်။ အခု ပြန်လည် ရုပ်သိမ်းမှုတချို့ ပြုလုပ်မှာက ၂၀၀၀ပြည့်နှစ် လူကုန်ကူးခံရသူများနှင့် အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အက်ဥပဒေထဲက မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတချို့ ဖြစ်ပါတယ်။ အဲဒီလို ရုပ်သိမ်းဖို့ သမ္မတ အိုဘားမားက သောကြာနေ့က အတည်ပြုလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာအချိန် အင်္ဂါနေ့ မနက်၊ အမေရိကအချိန် တနင်္လာနေ့ ညနေပိုင်းမှာ လက်မှတ် ရေးထိုးဖို့ရှိတယ်လို့ အေပီသတင်းက ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နှစ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကဏ္ဍမှာ အဆင့် ၃ ပဲ ရှိနေတာပါ။ အဓိပ္ပာယ်က မြန်မာအစိုးရဟာ လူကုန်ကူးမှုကို နိုင်နိုင်နင်းနင်း ထိထိရောက်ရောက် မတိုက်ဖျက်နိုင်သေးဘူးလို့ ဆိုတာပါပဲ။ ဒါကြောင့် အခုလို မြန်မာကို လူကုန်ကူးမှု ဥပဒေအောက်မှာ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းပေးတာဟာ တကယ်တော့ လူကုန်ကူးမှု တိုက်ဖျက်ရေး စွမ်းဆောင်ချက်တွေကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တစ်စုံတစ်ရာ ပွင့်လင်း လာတဲ့အပေါ် အိုဘားမားအစိုးရက ဆုပေးဖို့ ရည်ရွယ်တဲ့သဘော ဖြစ်ပုံရတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။ အခုလို လူကုန်ကူးမှု ဥပဒေအောက်မှာ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းပေးမယ် ဆိုပေမယ့် ကျန်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး ဆိုင်ရာ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ရုပ်သိမ်း ပေးလိုက်တာတွေရဲ့အကျိုးဆက် အနေနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေဆီက အကူအညီတွေ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းနိုင်ဖို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေမှာ တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီး လိုအပ်နေသေးတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။ ဒီအတွက် လာမယ့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ အဓိက အရေးပါတဲ့ စမ်းသပ်မှုတစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
