မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မကုန်ခင် အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတွေ အခွန်လွတ်တင်သွင်းခွင့် ရရှိနိုင်ကြောင်း အမေရိကန်ကုန်သွယ်မှုဌာန အကြီးအကဲ Demetrios Marantis က မနေ့က ပြောဆိုလိုက်ပါတယ်။
Mr. Marantis က ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေအတွက် အထူးခံစားခွင့်ပြုထားတဲ့ GSP အစီအစဉ်အရ မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်၊ လက်မှုကုန်ပစ္စည်းနဲ့ အထည်အလိပ် ကုန်ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်း အမြောက်အများအနေနဲ့ အမေရိကန်ဈေးကွက်ကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် GSP အစီအစဉ်ခံစားခွင့်ကို အလုပ်သမားအခွင့်အရေးဆိုင်ရာ အရေးယူမှုအဖြစ် အမေရိကန်ပြည်ထောင်စုက ၁၉၈၉ မှာ ရုပ်သိမ်းခဲ့ပါတယ်။ အခုလိုအခွန်ကင်းလွတ်ခွင့် ပြုခြင်းအတွက် နှစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေး အကြီးအကဲက ပြောဆိုပါတယ်။ ဒါ့အပြင် ဒီကိစ္စအတွက် အမေရိကန်နဲ့ မြန်မာအရာရှိတွေ ဒီအပတ်အတွင်းက နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သူကပြောပါတယ်။
အင်္ဂါနေ့က ဝါရှင်တန်ကို လာရောက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဒီလို GSP အဆင့်ပေးခြင်းအားဖြင့် များစွာအကျိုးရှိမှာဖြစ်ကြောင်း RFA ကို အခုလို ပြောကြားခဲ့ပါတယ်။
“GSP ဟာ ကျနော်တို့နိုင်ငံမှာ စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းတွေကိုပို့မယ်ဆိုရင် အခွန် ၂၃% ဆောင်ရပါတယ်၊ ဥပမာဆိုရင် ငွေ ၁ ရာဖိုးပို့ရင် ၂၃ ကျပ်ဖိုး အခွန်ဆောင်ရတာပေါ့၊ GSP မဆိုတဲ့နိုင်ငံတွေ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်တို့ဆိုရင် ၁ဝဝ ဖိုးပို့ရင် အခွန်မဆောင်ရတဲ့အတွက် ၁ဝဝ အပြည့်ရတာပေါ့၊ အဲဒီမှကတည်းက ကျနော်တို့ပြည်သူတွေက ၂၃ ကျပ်ရှုံးနေတာပေ့ါနော်၊ ဒါတွေကို အခုဖြုတ်ပေးလိုက်တယ်ဆိုတော့ ပြည်သူတွေအပြည့်အဝ တိုက်ရိုက်ခံစားရမှာပေါ့”
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဥက္ကဌနဲ့ စက်မူကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးမြင့်စိုးကလည်း အမေရိကန်ပြည်ထောင်စုက အခုလို GSP အဆင့် မြန်မာနိုင်ငံကို ပြန်လည်သတ်မှတ် ပေးလိုက်တဲ့အတွက် မြန်မာအထည်ချုပ်လုပ်ငန်းကို အကြီးအကျယ် တိုးတက်စေမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးအထုူးခံစားခွင့်နိုင်ငံ GSP အဆင့်ပေးနိုင်ရန် အမေရိကန်ပြည်ထောင်စုက စဉ်းစားသုံးသပ်နေကြောင်း ပြီးခဲ့တဲ့အပတ်မှာ သတင်းထွက်ခဲ့ပြီးနောက် အခုလို ကုန်သွယ်မှုအကြီးအကဲက ပြောဆိုလိုက်တာဖြစ်ပါတယ်။
အမေရိကန်ကုန်သွယ်မှုဌာနဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနတစ်ခုနည်းတူ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
