အမေရိကန် မြန်မာ အနာဂတ် ဆက်ဆံရေး ရွေးကောက်ပွဲအပေါ် မူတည်


2015.10.21
russel-620.jpg အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် Daniel Russel ကို တွေ့ရစဉ်
Photo: fpc.state.gov

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား အနာဂတ် ဆက်ဆံရေးဟာ လာမယ့်ရွေးကောက်ပွဲအပေါ် တည်မှီနေတယ်လို့ အမေရိကန်အစိုးရ ကပြောပါတယ်။

ရှေ့လမှာကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲရဲ့ ချို့ယွင်းချက်တွေအပေါ် အမေရိကန်ပြည်ထောင်စုက မျက်ကွယ်ပြု လစ်လျူရှုမှာ မဟုတ်သလို၊ နောက်တက်လာမယ့် အစိုးရအပေါ် အမေရိကန်ရဲ့အကူအညီနဲ့ ပိတ်ဆို့အရေးယူ ထားတာတွေ လျှော့ချရေးဟာ ရွေးကောက်ပွဲ ကျင်းပပုံ တစ်ခုလုံး အပေါ် မူတည်နေမှာဖြစ်တယ်လို့ အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီး Daniel Russel က ပြောဆိုခဲ့ပါတယ်။

အမေရိကန်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲမှာ ပြောကြားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကြားတာ၊ မြင်တာတွေအပေါ် အခြေခံပြီး သုံးသပ်ဆုံးဖြတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲ့ဒီ ကြားတာ မြင်တာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ သတင်းမီဒီယာရဲ့ သဘောထားအမြင်တွေလည်း ပါဝင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အားလုံးကလက်ခံဖို့ အလွန်တရာ အရေးကြီးကြောင်းလည်း Daniel Russel က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူထားတာတွေကို ဖြေလျှော့ပေး ဖို့ကို အသာထားပါဦး၊ ပေါ်ပေါက်လာမယ့် မြန်မာအစိုးရသစ်အပေါ် အမေရိကန်ရဲ့ ကူညီပံ့ပိုးနိုင်စွမ်း ဟာ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်ချက်အပေါ် မူတည်နေတာဖြစ်ပါတယ်၊ ရွေးကောက်ပွဲကျင်းပပုံနဲ့ ရလဒ်တွေ က ၂ဝ၁၆ ခုနှစ်နဲ့ နောက်ပိုင်းကာလအတွင်း အမေရိကန်နဲ့ မြန်မာအစိုးရတ ဆက်ဆံရေးကို အခြေခံကျကျ ပုံဖေါ်မှာဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီး Daniel Russel က ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချနေတာနဲ့ အမုန်းစကားတွေ ပျံ့နှံ့နေ တာကြောင့်ရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာမှာကို အလွန့်အလွန် စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ပြောပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ရှိနေသေးပြီး၊ ကျောင်းသားတွေနဲ့ သတင်းသမားတွေအပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ဝဝ ဝန်းကျင် တရားစွဲဆိုခံထားရကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီး Daniel Russel က အမေရိကန်လွှတ်တော် ကြားနာပွဲမှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။