မြန်မာနိုင်ငံက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းအပြည့်အစုံကို ကျမတို့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အများအပြား ထောင်တွေထဲမှာ ကျန်နေသေးတယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။ သူတို့အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို ပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စဟာ မြန်မာပြည်သူတွေ လိုလားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရဘက်က ဆောင်ရွက်ပေးရမယ့် အရေးကြီးတဲ့ အဆင့်တခု ဖြစ်တယ်လို့ အမေရိကန် အစိုးရအနေနဲ့ မြင်တဲ့အကြောင်း သူက ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့ ဆွေးနွေး ပြောဆိုသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိူးသမီး Victoria Nuland က ပြောဆိုခဲ့ပါတယ်။