အမေရိကန်ကို မြန်မာ့သွင်းကုန် တင်သွင်းခွင့် နောက်ထပ်သုံးနှစ် ပိတ်ပင်

အမေရိကန် ပြည်ထောင်စုကို မြန်မာ့သွင်းကုန်တွေ တင်သွင်းခွင့်ကို အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက နောက်ထပ်သုံးနှစ် ပိတ်ပင်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖော်ထုတ်နေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးကို အရှိန်ပိုရအောင် ဆက်လက် ဖိအားပေးတဲ့အနေနဲ့ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းချက်ကို သက်တမ်းတိုးတဲ့ ဥပဒေကြမ်းကို ခုလို သက်တမ်းသုံးနှစ် ထပ်တိုးတာလို့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ Max Baucus က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် BADA မြန်မာ-အမေရိကန် မဟာမိတ် အသင်းက ဦးညွန့်သန်းက ခြေလှမ်းကောင်း တရပ်လို့ ရှုမြင်တဲ့အကြောင်း ပြောပါတယ်။

"ဖြစ်စေချင်တာကတော့ ကျွန်တော်တို့ ဗမာပြည်မှာ sanction လည်း မရှိစေချင်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ သူတို့ရဲ့ ဘဝကောင်းကျိုးအတွက် တည်ဆောက်တာတွေ မြင်ချင် စေချင်တယ်။ ဒါပေမဲ့လည်း ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုက တချို့နေရာတွေမှာ ဖြစ်လာသင့်သလောက် မဖြစ်လာသေးဘူး။ ဥပမာဆိုရင် အကျဉ်းသားတွေအားလုံး မလွှတ်ပေးတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပြီး ပြည်တွင်းကို ဝင်ရောက်ပြီး စီးပွားရေးတွေ လုပ်ကြတဲ့ အခါမျိုးမှာလည်း ရမဲ့ အကျိုးအမြတ်ဟာ ပြည်သူတွေဆီကို တကဲ့တကယ် ထိထိရောက်ရောက် သွားမယ်၊ မသွားဘူးဆိုတာ ကျွန်တော်တို့ မသိဘူး။ နောက် တရားဥပဒေ စိုးမိုးရေးတို့၊ လာမဲ့ ၂၀၁၅ မှာ ဖြစ်မဲ့ ရွေးကောက်ပွဲတို့ မှာလည်း တရားမျှမျှတတ ဖြစ်မယ်ဆိုတာလည်း မသိသေးဘူးပေါ့နော်၊ အဲဒီလို အခြေအနေမှာ အမေရိကန်ကလည်း ပြည်တွင်းကို သွားမဲ့ မြှုပ်နှံမှုတွေကိုလည်း ဖယ်ရှားပြီးပြီဆိုတော့ အခုလို သွင်းကုန် ဆက်လက် ပိတ်ဆို့ထားဖို့ သက်တမ်းတိုး လိုက်တာကို ကျွန်တော့် အနေနဲ့တော့ ကောင်းတဲ့ ခြေလှမ်းတရပ်လို့ပဲ ပြောလိုပါတယ်"

၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံက သွင်းကုန် ပိတ်ပင်ချက်ဟာ ဒီလကုန်ပိုင်းမှာ သက်တမ်း ကုန်ဆုံးပါတော့မယ်။ ဒီမူကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိမ့်မယ်လို့ ဥပဒေ မူကြမ်းကို ထောက်ခံသူတွေက မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားတာကို အမေရိကန်က ရုပ်သိမ်းလိုက်တာနဲ့ ဒီ ဥပဒေ မူကြမ်းဟာ အကျုံးမဝင်ပါဘူး။

အမေရိကန်က မြန်မာ့ သွင်းကုန်တွေ မပိတ်ပင်ခင် ၂၀၀၂ ခုနှစ် တနှစ်လုံး အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက အဝတ်အထည်နဲ့ တခြားကုန်စည် ဒေါ်လာ သန်း ၃၅၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ မြန်မာ့ သွင်းကုန်ပမာဏဟာ ၂၀၀၃ ခုနှစ်မှာ ဒေါ်လာ သန်း ၂၇၀ ကျော်ထိ ကျဆင်းသွားပြီး အဲဒီအချိန်ကစလိ့ု နောက်ပိုင်းမှာ မြန်မာနိုင်ငံက ဘာကုန်ပစ္စည်းမှ မတင်သွင်းတော့ပါဘူး၊