နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာ အမေရိကန်အစိုးရ ထုတ်ပြန်


2014.07.29

အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ် အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံ စာမှာ မြန်မာနိုင်ငံဟာ CPC ခေါ် အထူးစိုးရိမ်ဖွယ်နိုင်ငံ များစာရင်းမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အပြောင်းအ လဲတွေ ဆောင်ရွက်လာတာနဲ့အတူ  အရင် စစ်အစိုးရ လက်ထက်က ဖိနှိပ်ချုပ်ခြယ် ကန့်သတ်ထားခဲ့တာတွေ တချို့ကို  ဖယ်ရှားပေးခဲ့ပေမဲ့၊ ကချင်ပြည်နယ်လို တောင် တန်းဒေသတချို့မှာ အစိုးရတပ်က  ခရစ်ယန်ဘာသာ ဝင်တွေအပေါ် အကြမ်းဖက်ဖိနှိပ်တာ၊ဘုရားကျောင်းတွေ ဖျက်ဆီးခံရတာ၊  မွတ်စလင်တွေ ခွဲခြားဆက်ဆံခံရတာ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ နိုင်ငံ့အရေးဆောင်ရွက်ခွင့် ၊ သဘောထားဖွင့်ဟပြောဆိုခွင့်ကို အစိုးရက ပိတ်ပင်ထားတာတွေ  ရှိနေဆဲလို့ အစီရင်ခံစာက ဖေါ်ပြပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်က စတင်ခဲ့တဲ့ ဘာသာ လူမျိုး ပဋိပက္ခဟာ တခြားမြို့ကြီးတွေအထိ ကူးစက်ပျံ့နှံ့ သွားခဲ့ရာမှာ အနည်းဆုံး လူ ၁ဝဝ ဝန်းကျင် သေဆုံးခဲ့ရပြီး၊ တစ်သိန်းနှစ်သောင်းကျော် နေရာရွှေ့ပြောင်းခဲ့ရ ပါတယ်။

၂ဝ၁၃ ခုနှစ် အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာ နဲ့ပတ်သက်ပြီး  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့် အပေါ် အခုလိုပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ က ဘာသာရေးအဓိကရုဏ်းတွေမှာ ထောင်နဲ့ချီတဲ့  ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ နေရပ်စွန့်ခွာ ခဲ့ကြရပြီး၊ ဒုက္ခသည်စခန်းတွေမှာ ရိက္ခာ ဆေးဝါး မပြည့်မစုံ နဲ့နေထိုင်နေကြရပါတယ်၊ တကယ်တော့ မြန်မာနိုင်ငံ ဘာသာရေး ပဋိပက္ခတွေဟာ နိုင်ငံရေးအမြတ်ထုတ် ဖို့သာ ဖြစ်နေတယ်ဆိုတာ မကြာခဏ တွေ့မြင်နေရ ပါတယ်လို့ ပြောကြား ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေကြောင့် ကာလ ကြာရှည် နေ ထိုင်ခဲ့ကြတဲ့ အရပ်ဒေသတွေကို စွန့်ခွာခဲ့ကြရသူ ဦးရေပမာဏ အများဆုံးဖြစ်ခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန် တဲ့ ၂ဝ၁၃ ခုနှစ် အတွက် နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအကြောင်းအပြည့်အအစုံကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။