ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကန့်အသတ်တွေ လျော့ပေါ့ပေးဖို့ အပါအဝင် သံတမန်ဆက်ဆံရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေအပေါ် အကူအညီ အထောက်အပံ့တွေ ပေးသွားမှာဖြစ်တယ်လို့ Mrs ကလင်တန်က-
" အမေရိကန်အနေနဲ့ ပြင်ဆင်ထားတဲ့ အချက်တွေကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေးကိစ္စကို ရက်ပိုင်းအတွင်း တရားဝင်အတည် ဖြစ်နိုင်ဖို့၊ နောက်တစ်ချက်က အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID ကိုယ်စားလှယ်ရုံးကို မြန်မာနိုင်ငံမှာ ပြန်လည်ထားရှိဖို့၊ တတိယအချက်က ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ လုပ်ငန်းတွေအတွက် အမေရိကန် NGO အဖွဲ့အစည်းတွေ ဝင်ရောက် လုပ်ကိုင်ဖို့၊ စတုတ္တအချက်အနေနဲ့ အစိုးရ အဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းက ပုဂ္ဂိုလ်တချို့ အမေရိကန် ပြည်ထောင်စုကို လာရောက်လေ့လာနိုင်ဖို့ စတာတွေကို ဆောင်ရွက်သွားမှာပါ။ နောက်ဆုံးအချက်ကတော့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကန့်သတ် အရေးယူမှုတွေ လျော့ချရေးအတွက် စတင်ဆောင်ရွက်ဖို့ ရှိပါတယ်လို့" ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန် ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့တကွ အစိုးရအဖွဲ့တွင်းနဲ့ အရပ်ဘက် ပြုပြင်ပြောင်းလဲရေးသမားတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ တသားတည်း ရှိနေပါတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုသွားပါတယ်။