မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေကြမ်းတွေလို့ သိကြတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေမူ ကြမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်မကင်းဖြစ်ရကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ တွေ့ဆုံစဉ်အတွင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုခဲ့တာပါ။
ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတ၊ ပွင့်လင်းမြင်သာ၊ စိတ်ချယုံကြည်ရပြီး၊ အားလုံးပါဝင် တဲ့ ရွေးကောက်ပွဲဖြစ်ရေး၊ အခြေခံဥပေဒ ပြင်ဆင်ရေး၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး ပြဿနာတွေဖြေရှင်းရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်က မွတ်စလင်တွေကိစ္စ၊ ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံကတ်ပြား ကိစ္စတွေအပြင်၊ ဒီနှစ် အတွင်း ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့ကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောဆိုခဲ့ပြီး၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲခဲ့တာတွေအတွက် လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး Benjamin Rhodes ကလည်း လူနည်းစုဘာသာဝင်တွေ အပါအဝင် ပြည်သူအားလုံးရဲ့ တန်းတူအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားအဖြစ် ရပ်တည်မှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေရသူတွေရဲ့ စားဝတ်နေရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရပါမယ်ဆိုတဲ့ အစိုးရရဲ့ ကတိကဝတ်အတိုင်း အမြန်ဆောင်ရွက်ဖို့လိုအပ်ကြောင်း သူရဦးရွှေမန်းနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်ရှိ CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဝန်းကျင် ဆိုတဲ့ အမည်နဲ့ မနေ့ကကျင်းပတဲ့ဟောပြောပွဲမှာ Serge Pun and Associates စီပွားရေးအဖွဲ့ရဲ့ ဥက္ကဌ Mr. Serge Pun ခေါ် ဦးသိမ်းဝေ ပြောကြားခဲ့တဲ့ အချက်တွေကို ဦးခင်မောင်စိုး က ကောက်နုတ် တင်ပြထားပါတယ်။