မြန်မာဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စု လာရောက်အခြေချနေထိုင်ဖို့ ခေါ်ယူနေတဲ့ အစီအစဉ်ကို ရပ်နားတော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။
၂ဝဝ၅ ခုနှစ်ကစတင်ခဲ့တဲ့ အဲဒီ ဒုက္ခသည်များ ပြန်လည် အခြေချနေထိုင်ရေး အစီအစဉ်အရ ကရင် တိုင်းရင်းသား အများစုပါဝင်တဲ့ မူရင်းနေရပ် စွန့်ခွါထွက်ပြေးခဲ့ရသူ မြန်မာနိုင်ငံသား ခုနှစ်သောင်း သုံးထောင်ခန့်ကို အမေရိကန် ပြည်ထောင်စု က ခေါ်ယူခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က ခုလိုခေါ်ယူခဲ့တဲ့ အစီအစဉ်ကြောင့် မြန်မာဒုက္ခသည် အရေအတွက် သိသိသာသာ လျှော့နည်းသွားပြီဖြစ်ကြောင်းနဲ့ အစီအစဉ်အရ အကျုံးဝင်တဲ့ မြန်မာဒုက္ခသည်တချို့ဟာ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းလာရောက် အခြေချနေထိုင်ဖို့ စိတ်မဝင်စားကြကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။
၁ဝ နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဒီအစီအစဉ်ကို ပြုမြဲထုံးစံအတိုင်း အဆုံးသတ်တော့မှာဖြစ်ကြောင်း၊ တကယ်လို့ ကျန်ရှိနေသေးတဲ့ မြန်မာ ဒုက္ခသည်တွေထဲက အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းလာရောက် အခြေချနေထိုင်လိုသူတွေ ရှိနေဦးမယ်ဆိုရင် သူတို့အနေနဲ့ အခုအမြန်ဆုံး လျှောက်ထားကြရမှာဖြစ်ကြောင်းနဲ့ အဲဒီလို လျှောက်ထားသူအားလုံးကို စိစစ်ပြီး အကျုံးဝင်သူတွေကို ခေါ်ယူမှာဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ရှင်းလင်းပြောကြားပါတယ်။