အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံရေးကို ပြန်လည် သုံးသပ်နေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဒီနေ့ရေးသားပါတယ်။
မြန်မာနိုင်ငံကတင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အမေရိကန် ပြည်ထောင်စုက အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုဖို့ ပြန်လည်သုံးသပ်နေတာဖြစ်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Demetrios Marantis ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး အစိုးရနဲ့ စီးပွားလုပ်ငန်းရှင်တွေကို တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို GSP ခေါ် ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမှဖြစ်ပြီး အဲဒီအခွင့်အရေးရမယ်ဆိုရင် မြန်မာနိုင်ငံက တင်ပို့နေတဲ့ကုန်ပစ္စည်းတွေဟာ အမေရိကန်ဈေးကွက်မှာ အကောက်ခွန်မဲ့ ရောင်းချနိုင်တော့မှာလို့ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကတင်ပို့တဲ့ အဝတ်အထည်နဲ့ ကုန်ပစ္စည်းမျိုးစုံ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၅ သန်းဖိုးအထိ အခွန်မဲ့တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့တဲ့အတွက် ရပ်ဆိုင်းခဲ့တာပါ။
