ကချင်ပြည်နယ်အရေး စိုးရိမ်ကြောင်း ဗြိတိန်နဲ့ အမေရိကန် ပြောကြား

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲအရှိန် မြင့်လာတာဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိတယ်လို့ ဗြိတိန်အစိုးရတာဝန်ရှိသူ တဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီလို မြန်မာအစိုးရတပ်နဲ့ KIO တို့ တိုက်ပွဲဖြစ်ပွားနေတာကို ဗြိတိန်နိုင်ငံအနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံခြားရေးနဲ့ ဗြိတိန်ဓနသဟာယရုံး ဒုတိယဝန်ကြီး Hugo Swire က ပြောပါတယ်။

ရန်လိုမှုတွေ အရှိန်တိုးမြင့်လာတာဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေး ရေရှည်တည်တံ့ရေးအတွက် အန္တရာယ်သက်ရောက်နိုင်ဖွယ်ရှိတယ်လို့ Hugo Swire က ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ပွဲတွေကို အဆုံးသတ်ဖို့ သမ္မတက တိုက်တွန်းတာကို မြန်မာနိုင်ငံက စစ်ဦးစီးမှူးတွေက အလေးထားလိုက်နာဖို့လည်း Hugo Swire က ပြောကြားလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ms. Nuland က ကချင်ပြည်နယ်မှာ မငြိမ်မသက်ဖြစ်ပွားနေတာတွေကို အမေရိကန်အစိုးရအနေနဲ့ ပူပန်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းစွာ စားပွဲဝိုင်းထိုင်ပြီး လေးလေးနက်နက် ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းကြောင်း သောကြာနေ့က ထပ်မံပြောကြားလိုက်ပါတယ်။

ဒါ့အပြင် တဆက်တည်းမှာပဲ သူက မြန်မာအစိုးရဟာ တခြားတိုင်းရင်းသားဒေသအများအပြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းနဲ့ ကချင်ပြည်နယ်မှာလည်း အလားတူအောင်မြင်မှုတွေ ဖြစ်ထွန်းလာတာကို မိမိတို့မြင်တွေ့လိုပါကြောင်း ပြောဆိုခဲ့ပါတယ်။