သမ္မတ ဦးသိန်းစိန်ဟာ နောက်လအတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထောက်ခံ အားပေးတဲ့အနေနဲ့ အခုလို သမ္မတ ဦးသိန်းစိန်နဲ့တကွ ပြုပြင် ပြောင်းလဲရေးဝါဒီ ဝန်ကြီးတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုတွေ ကင်းလွတ်ခွင့် ပြုလိုက်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ဦးသိန်းစိန်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဟာ အမေရိကန် အရာရှိတွေနဲ့ တွေ့ဆုံပြီး အမေရိကန်ရဲ့ ဒီမိုကရေစီနဲ့ မူဝါဒတွေ အကြောင်း ပိုပြီး သဘောပေါက် နားလည်လာနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့ အနေနဲ့လည်း မြန်မာ အစိုးရတွင်းက အရေးပါတဲ့ ပြုပြင် ပြောင်းလဲရေးသမားတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ပြီး မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုမို တိုးတက် ကျယ်ပြန့်လာအောင် ကူညီနိုင်မှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောခွင့်ရသူ Tommy Vietor က ပြောပါတယ်။
အခုလို ဗီဇာကန့်သတ်ချက် ကင်းလွတ်ခွင့်ပြုလိုက်တာကြောင့် သမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ်အတွင်း အမေရိကန်ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ ဖြစ်ပါတယ်။
ကန့်သတ်ချက် ရှိနေရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တဝိုက်ကိုသာ သွားလာခွင့် ရှိပါတယ်။ သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို မြန်မာ့ဒီမိုရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မရှေးမနှောင်း ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန်လွှတ်တော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ လွှတ်တော် ရွှေတံဆိပ်ဆုကို တက်ရောက်လက်ခံမှာ ဖြစ်ပါတယ်။
