အမေရိကန်သမ္မတ အိမ်ဖြူတော်က ဘားမားအစား မြန်မာနိုင်ငံလို့ စတင်သုံးနှုံး

အမေရိကန်သမ္မတ အိုဘားမားဟာ ဧည့်သည်တော် သမ္မတဦးသိန်းစိန်ကို မေလ ၂၀ ရက် တနင်္လာနေ့မှာ အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်ကမနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သမ္မတ အိုဘားမား မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက်၊ ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် အမေရိကန်အစိုးရက ဆက်လက်ထောက်ခံအားပေးနေခဲ့ကြောင်း၊ သမ္မတ အိုဘားမားအနေနဲ့ ဦးသိန်းစိန်နဲ့တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး၊ ဘာသာရေးနဲ့ လူမျိုးစုပဋိပက္ခတွေ၊ ပြည်သူတွေအတွက် စီးပွားရေးအခွင့်အလမ်းစတဲ့ ဖြေရှင်းဆောင်ရွက်ရဦးမယ့် ပြဿနာတွေအကြောင်း ဆွေးနွေးမယ့်အပြင်၊ အမေရိကန်ပြည်ထောင်စုဘက်က အကူအညီတွေ ဘယ်လိုပေးနိုင်မလဲဆိုတာ ရှာကြံသွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မနေ့ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာ ခါတိုင်းလို ဘားမားလို့မသုံးစွဲပဲ မြန်မာနိုင်ငံတော်သမ္မတလို့ ဖေါ်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန်ပြည်ထောင်စုအနေနဲ့ Burma ကို တိုင်းပြည်အမည်အဖြစ်နဲ့ပဲ သုံးစွဲနေဦးမှာဖြစ်ပြီး၊ Myanmar ကိုတော့ အခြေအနေကိုလိုက်ပြီး အကန့်အသတ်နဲ့ စတင်သုံးစွဲနေပါပြီ၊ Myanmar လို့ လက်ခံသုံးစွဲဖို့ မူဝါဒမပြောင်းလဲသေးပေမယ့်၊ ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရတစ်ရပ်အပေါ် လေးစားသမှုပြသတာဟာ မိမိတို့အနေနဲ့ အားပေးထောက်ခံနေတယ်၊ ကူညီဖို့ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတလက္ခဏာပါပဲလို့ ပြောကြားခဲ့ပါတယ်။