အမေရိကန် သံရုံးတာဝန်ခံက ပါတီအချို့နှင့် စီးပွားရေးပိတ်ဆို့မှု ကိစ္စဆွေးနွေး
2011.03.28
“Sanction ကို လွှတ်ဖို့၊ ရုပ်သိမ်းဖို့ လိုသလား မလိုသလား ဆိုတဲ့ အချက်လောက် အနည်းငယ်လောက်ပေါ့ခင်ဗျာ။ သူတို့ဖက်ကလည်းပဲ ပြန်ပြောတာတွေ ရှိတာပေါ့။ လောလောဆယ်တော့ ရုပ်သိမ်းဖို့ အနေအထား မရှိသေးဘူး၊ လက်ရှိအစိုးရနဲ့ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံသွားဖို့ sanction ကလည်း ဒီအတိုင်း ဆက်ရှိနေဦးမယ် ဆိုတဲ့ သဘောထားတွေကတော့ သူတို့ အဆင့်ကတော့ ဘယ်ပြောင်းနိုင်မလဲဗျာ။ ကျွန်တော်တို့ ဒီဟာတွေကို လေ့လာ သုံးသပ်ပြီးတဲ့အခါ ခိုင်မာတဲ့ အထောက်အထားတွေ ရှိရင်တော့ ပြန်လည် စဉ်းစားဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ ခုနေမှာ ဒီတိုင်းပဲပေါ့။ ဟိုသဘောကတော့ဗျာ facts finding ပေါ့ဗျာ၊ နိုင်ငံရေးပါတီတွေရဲ့ သဘောထားကတော့ သိနေပြီပေါ့ဗျာ။ ဒီဟာတွေက ဘယ်လောက်ထိ ခိုင်ခိုင်မာမာ ကျွန်တော်တို့က ကိုယ်ယုံကြည်ချက်ကို တည်ဆောက်ထားသလဲ။ ဘယ်အခြေခံပေါ်မှာ ဆောက်ထားသလဲ ဆိုတာကို သိချင်တဲ့ အခြေအနေလောက်ပါပဲ။”
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို လတ်တလော ဆက်လက် ထားရှိဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတွေ့ဆုံပွဲဟာ အမေရိကန် အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီတွေရဲ့ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး အဆိုအတွက် အချက်အလက် ရှာဖွေတာ ဖြစ်ပြီး ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ သိရပါတယ်၊ တွေ့ဆုံပွဲဟာ တနာရီကျော်ကျော် ကြာတယ်လို့ သိရှိရပါတယ်။