မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ မက္ကဆီကို စတဲ့ နိုင်ငံပေါင်း ၂၀ ဟာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး တဆင့်ခံ ရောင်းဝယ် ဖောက်ကားတဲ့ နိုင်ငံတွေ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပြီး လွှတ်တော်ကို တင်သွင်းလိုက်တဲ့ ဒီအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာပါ။ ဒါ့ပြင် မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလား ၃ နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၂ လတာ အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် တွေကို အကောင်အထည် ဖော်ဖို့ တာဝန ်ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေ အဖြစ် အမေရိကန် သမ္မတက သတ်မှတ်လိုက်ကြောင်း ဒီအစီရင်ခံစာမှာ ရေးသားထား ပါတယ်။ ဒါပေမယ့် အမေရိကန် အစိုးရအနေနဲ့ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက မူးယစ်ဆေးဝါး ကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ အစိုးရတွေနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာစစ် အစိုးရနဲ့ ပူးတွဲဆောင်ရွက်လာခဲ့တဲ့ နှစ်စဉ် ဘိန်းအထွက်နှုန်း တိုင်းထွာ စောင့်ကြည့်ရေး လုပ်ငန်းတွေကို ၂၀၀၄ ခုနှစ်စလို့ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာပါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00
