ဝါရှင်တန် ဒီစီ မြို့မှာ မနေ့က ကျင်းပတဲ့ မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒ သုံးသပ်ရေး ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။
အဲဒီကြားနာပွဲမှာ Mr. Kurt Campbell က - သမ္မတ ဦးသိန်းစိန် ရဲ့ပြုပြင်ပြောင်းလဲမှု တွေအပေါ် မိမိတို့ ကြိုဆိုပေမဲ့၊ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ဖို့ အစီအစဉ် မရှိပါဘူး။ မြန်မာနိုင်ငံက အပြောင်းအလဲတွေ နောက်ကြောင်းပြန်လှည့်သွားတာမျိုး၊ ရှေ့ဆက် ပြုပြင် ပြောင်းလဲသင့်တာတွေမှာ အချိန်ဆွဲနေတာမျိုး ဖြစ်လာရင် ဘယ်လိုတုန့်ပြန်သွားမလဲဆိုတဲ့ မဟာဗျူဟာ ဟာ မိမိတို့ အမေရိကန်အစိုးရရဲ့ မူဝါဒမှာ အဓိက ကျတဲ့သဘောမျိုး ရှိပါတယ် လို့ ပြောသွားပါတယ်။
ဒါ့အပြင် မြောက်ပိုင်းကချင်ပြည်နယ်က တိုက်ပွဲတွေမှာ ဒေသခံတွေအပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်နေတဲ့ သတင်းတွေကို ကြားသိနေရကြောင်း၊ နိုင်ငံရေး အကျဉ်းသား ၅၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာလွှတ်ပေးခဲ့ ပေမဲ့ အနည်းဆုံးရာနဲ့ချီပြီးကျန်ရှိနေသေး တယ် လို့လည်း Mr. Campbell က ပြောဆိုပါတယ်။
မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ထွက်ဆို သွားခဲ့ရာမှာလည်း အမေရိကန် အစိုးရ အရာရှိကြီးတွေရဲ့ပျက်ကွက်မှုတွေကို ပြောဆိုသွားခဲ့ပါတယ်။
ဝါရင့်ကျောင်းသား ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားအဖွဲ့ဝင်တွေနဲ့ တိုင်ပင်နှီးနှော ဆွေးနွေးတာမျိုး မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို လျော့ပေါ့ပေးလိုက်တဲ့ အချက်ကိုလည်း ထောက်ပြသွားခဲ့ပါတယ်။