အမေရိကန်ကုမ္ပဏီကြီးတချို့ မြန်မာနိုင်ငံမှာ စတင် ရင်းနှီးမြှုပ်နှံ

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားတာတွေကို ဆိုင်းငံ့လိုက်တဲ့အတွက် အမေရိကန်အကြီးဆုံး GE လျှပ်စစ်ကုမ္ပဏီအနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာအစိုးရနဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ်လို့ GE ကုမ္ပဏီ ဟောင်ကောင်ရုံးခွဲ ဒု ဥက္ကဋ္ဌ John Rice က မနေ့က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံကို သူကိုယ်တိုင်သွားရောက်ခဲ့ပြီး ရန်ကုန်မြို့မှာ လိုအပ်နေတဲ့ လျှပ်စစ်မီး ရရှိရေး ပံ့ပိုးပေးနိုင်ဖို့ မြန်မာစွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ ရလာအောင် GE ကုမ္ပဏီဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်စီးပွားရေး ကုမ္ပဏီတွေ ဒီထက်မက ဝင်ရောက်နိုင်ဖို့ဆိုရင် မြန်မာအစိုးရဘက်က မျှတမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ Hissho Sushi ကုမ္ပဏီပိုင်ရှင် Philip Maung က အာအက်ဖ်အေကို ပြောပါတယ်။

" ဒီဘက်ကနေ sanction လျှော့ပေးလာမယ်။ ဟိုဘက်ကနေ သမ္မတကြီးကလည်း စီးပွားရေးသမားတွေကို ပြန်လာခိုင်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဟိုဘက်မှာ ဒီထက်မက အများကြီးလုပ်ရအုံးမယ် ထင်တာပဲလေ။ အရင်းအနှီးတွေ၊ နည်းပညာတွေ အကုန်လုံးဝင်သွားပြီဆိုရင် အဓိကလိုနေတာက ဟိုဘက်မှာ ကျွမ်းကျင်တဲ့ အလုပ်သမားတော့ လိုမယ်ထင်တာပဲ။ ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို သင်တန်းလေးတွေ ဖွင့်ထားပေးနိုင်ရင်တော့ ကောင်းမယ်ထင်ပါတယ်။ ပြီးရင် ဥပဒေပေါ့နော်၊ လာပြီးရင်းနှီးမြှုပ်နှံတဲ့သူကော၊ ဟိုဘက်က အလုပ်သမားတွေအတွက် အခွင့်အရေးကော၊ နှစ်ဘက်လုံးအတွက် အာမခံရှိတဲ့ ဥပဒေ ရှိရမယ်လို့ ထင်တာပဲလေ၊ ဒါမှလည်း အကုန်လုံးအတွက် အကာကွယ်ပေးနိုင်တဲ့၊ အကုန်လုံးလည်း အဆင်ပြေတဲ့ ဥပဒေဆိုရင်တော့ ပိုကောင်းတာပေါ့"

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ငွေကြေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတာကို အမေရိကန်အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် အမေရိကန် ကုမ္ပဏီတွေ အတွက်သာမက မြန်မာနိုင်ငံက ဈေးကွက်စီးပွားရေးကိုပါ အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်လို့ GE ကုမ္ပဏီက John Rice က ပြောပါတယ်။

အလားတူပဲ စက်မှုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အမေရိကန်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Caterpillar ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။