USAID ဖွံ့ဖြိုးရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ စတော့မည်

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက ချမှတ်အကောင်အထည်ဖော်နေတဲ့ မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုကျဆင်းရေး (Millennium Development Goals) ထောင်စုနှစ် ရည်မှန်းချက် ပြည့်မီအောင် အမေရိကန်အစိုးရက အရှိန်အဟုန်မြှင့် ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ (USAID) အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Rajiv Shah က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပြုလုပ်တဲ့ ကျန်းမာရေးဆွေးနွေးပွဲမှာ အဖွဲ့ရဲ့အကြီးအကဲ ဒေါက်တာ Rajiv Shah က "အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက မိခင်နဲ့ ကလေးငယ်တွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ ပြောင်းလဲတိုးတက်လာအောင် အဓိကထား အကူအညီပေးသွားမယ်လို့" ပြောခဲ့တာပါ။

ဒီလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း USAID အနေနဲ့ အခုနှစ်မတ်လကစလို့ မြန်မာနိုင်ငံမှာ ဒေသအလိုက် မွေး၊ သေနှုန်းနဲ့ ကျန်းမာရေး လေ့လာမှုစစ်တမ်း ကောက်ယူရေးလုပ်ငန်းတွေကို ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ပထမဆုံးအကြိမ် အကောင်အထည်ဖော်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် လာမယ့် ၅ နှစ်တာအတွင်း မိခင်နဲ့ကလေး မီးဖွားသေဆုံးမှုနှုန်း လျော့ချရေးလုပ်ငန်းနဲ့ ရောဂါကြီး ၃ မျိုးဖြစ်တဲ့ HIV/AIDS၊ အဆုတ်နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း USAID အဖွဲ့က တိုးမြှင့်အကူအညီပေးသွားဖို့ ရှိတယ်လို့လည်း USAID အဖွဲ့ အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂက ချမှတ်ဆောင်ရွက်နေတဲ့ ထောင်စုနှစ်ရည်မှန်းချက်အရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး ၂၀၀၀၀ (နှစ်သောင်း) ခန့် နှစ်စဉ် သေဆုံးနေမှုကို လာမယ့် ၃ နှစ်နီးပါးကာလအတွင်း လျော့နည်းလာအောင် ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။