ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူနဲ့ စစ်ကိုင်းစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကြောင့် မဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မူလမင်းကွန်း ဇေတဝန်ကျောင်းတိုက်မှာ ရှမ်းပြည်နယ် သံယမဟာနာယကအဖွဲ့ ဥက္ကဌ ဦးပညာသီရိဘိဝံသနဲ့ ဆရာတော်၊ သံယာတော်တွေကို ဘာသာရေးဆိုင်ရာကိစ္စတွေ လာရောက်လျှောက်ထားရာမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။
“ဒီမိုင်းကွဲတဲ့ဖြစ်စဉ်များသည် ဆရာတော် သံဃာတော်များ စိုးရိမ်ပူပန်နေတဲ့ လူမျိုးရေး၊ ဘာသာရေးတွေအပေါ် မူတည်ပြီး ပဋိပက္ခဖြစ်နေပြီလားဆိုတဲ့ စိုးရိမ်သောကလေးတွေ ရှိတယ်ဆိုတာသိရှိရပါတယ်၊ ဘာသာရေး၊ လူမျိုးရေးကြောင့် မဟုတ်ဘဲနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ၊ စီးပွားရေးကိစ္စတွေနဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်တယ်ဆိုတာလည်း သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းဖော်ပြပြီးဖြစ်ပါတယ် ”
အဲဒီလိုတွေ့ဆုံရာမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဆရာတော်၊ သံယာတော်တွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း၊ နမ့်ခမ်းစတဲ့မြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝှမ်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အစိုးရက ကြေညာထားပါတယ်။