စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်က ကျေးရွာ ၆ ရွာမှာ အမျိုးသားမှတ်ပုံတင် လျှောက်ထားသူတွေကို အမျိုးသားမှတ်ပုံတင်အပြင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးတဲ့အတွက် အရာတော်မြို့မှာ မနေ့က ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အရာတော်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။
"မြို့ပေါ်လောက်သာ သူတို့က ဖြန့်တာပေါ့လေ၊ နယ်တွေမှာတော့ အဲလိုမှတ်ပုံတင်လုပ် လိုက်ရင် ပြည်ခိုင်ဖြိုးကတ်တွေက ပါပါလာတယ်၊ နောက်လက်မှတ်တွေ ဆိုတာကလည်း ကာယကံရှင်တွေ မထိုးရဘူး၊ တချို့ဆိုရင် ကတ်တစ်ခုမှာဆိုရင် အရှေ့က မမြဝင်းပေါ့ အနောက်ကနေ လွင် ဆိုပြီးတော့ တစ်ယောက်တည်းထိုးတော့ အဲလိုလက်မှတ်တွေ အမှားတွေနဲ့ ကျနော်ကတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ထင်ပါတယ်၊ လွတ်လပ်စွာ အသင်းအပင်း ဝင်ခွင့်ရှိတယ်ဆိုတာက လွတ်လွတ်လပ်လပ် ဝင်လို့ရတယ်၊ မဝင်ချင်ပဲ နေလို့ရတယ်၊ မဝင်ချင်တာကို အတုလုပ်ပြီးတော့ ကိုယ်လည်းလက်မှတ်မထိုးဘူး၊ လျှောက်လည်း မလျှောက်ပဲနဲ့ အတင်းအဓမ္မကို သြဇာသုံးပြီး အသင်းဝင်အဖြစ် သွင်းတာပေါ့"
အရာတော်မြို့နယ်က ဖုတ်ကုန်းရွာ၊ ရှောက်ခါးရွာ၊ ဇီးပင်လယ်ရွာ၊ ထန်းကြီးရွာ၊ အိုးကိုကုန်းရွာနဲ့ ညောင်ဒူးရွာက ကျေးရွာသူ ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေက လူဦးရေ ၁၆၇ ဦးကို သူတို့ပါတီဝင်အဖြစ် လျှောက်ထားခြင်းမရှိပဲ ကြံ့ခိုင်ရေးပါတီဝင်ကတ်တွေကို ထုတ်ပေးသွားခဲ့တာလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကတည်းက မှတ်ပုံတင်လျှောက်ထားသူတွေထဲက တစ်ချို့ကို ပြည်ခိုင်ဖြိုးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးနေတာလို့ ပြောပါတယ်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အရာတော်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကံထွန်း ပြောပြချက်အရ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လျှောက်ထားသူမဟုတ်ရင် မည်သူ့ကိုမှ ပါတီဝင်ကတ်တွေ ထုတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။