သူရဦးရွှေမန်း အပါအဝင် ၁၂ ဦးကို ပါတီကထုတ်ပယ်လိုက်ကြောင်း သတင်းများထွက်ပေါ်

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၁၂ဦးကို ပါတီဝင်အဖြစ်ကနေ ဖယ်ရှားလိုက်တယ်လို့ အခုရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်နေပြီး၊ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ကတော့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ သူ့ကိုထုတ်ပယ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့် တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးကြောင်း ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမယ်လို့ ပြောခဲ့တဲ့အတွက် ပါတီစည်းကမ်းဖောက်ဖျက် တယ်လို့ လက်ရှိပါတီခေါင်းဆောင်တွေက ယူဆနေကြောင်း ဦးခင်ရွှေက ပြောပါတယ်။

"ကြားပဲကြားတယ်၊ တရားဝင်မလာသေးဘူး၊ ဒီလိုပဲ ထုတ်တယ်လို့လည်းကြားတယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်း က ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ်ဆိုတော့ ပါတီစည်းကမ်းဖျက်တယ်လို့ သူတို့စိတ်ထဲမှာထင်နေတယ်"

ပြီးခဲတဲ့နှစ် သြဂုတ်လ ၁၂ ရက်နေ့ညက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို ပါတီရဲ့ ပူးတွဲဥက္ကဌ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုလည်း ပါတီညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခြင်း မရှိခဲ့ဘဲ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ဖယ်ရှားခံရတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်တွေဟာ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဘယ်လိုတာဝန် ရှိသလဲဆိုတာလည်း ဘယ်သူမှ မသိဘူးလို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်က ဖယ်ရှားခံထားရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောပါတယ်။

"ပါတီညီလာခံကနေပြီးတော့ ရွေးကောက်ပေးလိုက်တဲ့ ပါတီဗဟိုကော်မတီဝင်တွေရှိတယ်၊ ဒီဗဟိုကော်မတီ ဝင်တွေကို ပါတီညီလာခံမှာပဲ သူ့ကို စည်းကမ်းနည်းလမ်းအတိုင်း ဒီလိုအရေးယူထားပါတယ်ဆိုတာကို သူ့ကိုရွေးချယ်ထားတဲ့ ပါတီညီလာခံမှာပြန်ပြောရမယ်၊ အဲဒီ့လိုမပြောဘဲနဲ့ ဗဟိုကော်မတီလည်း မခေါ်ဘဲနဲ့ CEC က လုပ်ပိုင်ခွင့်လုံးဝမရှိဘူး၊ CEC မပါတော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိတယ်၊ ဒါအားလုံးသိပြီးသား၊ အဲဒီ့လူတွေ ဟာ CEC ကနေဖယ်လိုက်ပြီးတော့ ဗဟိုကော်မတီဝင်ဖြစ်နေသေးသလား၊ ပါတီဝင်အဖြစ်ရှိနေသေးသလား ဘယ်သူမှမသိဘူး"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ညီလာခံကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ကျင်းပခဲ့တာဖြစ်ပြီး ပါတီရဲ့ ပူးတွဲဥက္ကဌအဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ထားရာကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၂ ရက်က သူရဦးရွှေမန်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ရာထူးက ဖယ်ရှားခဲ့ပြီးနောက် ပူးတွဲဥက္ကဌ နေရာအတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကို ခန့်အပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၅၆ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။