သူရဦးရွှေမန်း ဗဟိုကော်မတီဝင် အဖြစ် ရှိနေဆဲလို့ ပြည်ခိုင်ဖြိုး ပါတီပြော

0:00 / 0:00

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ရာထူးကနေ ဖယ်ရှားခံရပေမယ့် ပါတီဗဟိုကော်မတီဝင်အနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပါတီ ရဲ့အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော် ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောလိုက်တာပါ။

"ပါတီမှာ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ထဲမှာ မဟုတ်သော်လည်းပဲ ကော်မတီအတွင်းမှာရှိတယ် ဗဟိုကော်မတီဝင်ပါ၊ ကျနော်တို့ဟာ ဒါနဲ့ပတ်သက်လို့ လုံးဝမစိုးရိမ်ပါဘူးခင်ဗျ၊ ဘာဖြစ်လို့မစိုးရိမ်တာလဲဆိုတော့ ကျနော်တို့က သူ့အပေါ်မှာယုံကြည်တယ်လေ၊ ဘာလို့ယုံကြည်တာလဲဆိုတော့ သူကနိုင်ငံတာဝန် ထမ်းဆောင် လာတဲ့အခါမှာ သူထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အင်မတန်မှသစ္စာရှိတယ်၊ ဒီလူပုဂ္ဂိုလ်ကို သစ္စာရှိရှိနဲ့ ပါတီအပေါ်မှာ နိုင်ငံအပေါ်မှာ သစ္စာဆက်ရှိနေတယ်လို့ပဲ အခုထက်ထိ ကျနော်တို့က မှတ်ယူထား သလိုပါပဲ"

ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲပေးဖို့အတွက် ပါတီရဲ့ဗဟိုအတိုင်ပင်ခံတွေနဲ့ ဗဟိုအကြံပေး ပုဂ္ဂိုလ်တွေက နိုင်ငံတော်သမ္မတထံကို တင်ပြပြောဆိုခဲ့တာဖြစ်ကြောင်းလည်း ဦးတင်နိုင်သိန်းက ပြောပါတယ်။

ဒါ့အပြင် အခုလို အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲကြောင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို ထိခိုက်မှာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း ဦးတင်နိုင်သိန်းက ထည့်သွင်းပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပူးတွဲဥက္ကဌ သူရဦးရွှေမန်းကို ရာထူးတာဝန်ကဖယ်ရှားပြီး ဒုတိယဥက္ကဌ ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။