၂၀၂၀မှာ ထိုက်သင့်သလောက် နိုင်အောင်ကြိုးစားမည်

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုရရှိအောင် ကြိုးစားသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌသစ် ဦးသန်းဌေးက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က ပါတီဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးသန်းဌေး က ပြောတာဖြစ်ပါတယ်။

"ရေရှည်ရည်မှန်းချက်က ရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုရအောင် ကြိုးစားမယ်။ ကျွန်တော်တို့က ပြိုင်ပြီဆိုမှတော့ နိုင်ချင်တာပေါ့။ လက်ရှိ ကြားဖြတ်မှာ လစ်လပ်တဲ့နေရာတွေမှာ အနိုင်ရရှိရေး ကြိုးပမ်းမယ်။ ဒီကပြီးရင်တော့လည်း ၂၀၂၀ မှာတော့ ထိုက်သင့်တဲ့ အောင်မြင်မှုရမယ့် ရည်မှန်းချက်တွေ ချထားတယ်"

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၁၇ ခုနှစ် နှစ်ဆန်းမှာကျင်းပဖို့ လျာထားတယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ပြောထားပါတယ်။

နေပြည်တော်မှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ညီလာခံမှာ အရင်ဥက္ကဌဟောင်း ဦးသိန်းစိန်နဲ့ ပုဂ္ဂိုလ် ၈ ဦးကို ဗဟိုနာယကအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဗဟိုအတိုင်ပင်ခံအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပထမအကြိမ်ပါတီ ညီလာခံကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ကျင်းပခဲ့ပြီး ဒါဒုတိယအကြိမ်ဖြစ်ပါတယ်။