ဒီမိုကရေစီခိုင်မာရေး ပြည်ခိုင်ဖြိုး ပါတီ နောက် ၅ နှစ် ဆက်လက်ဆောင်ရွက်မယ် လို့ ပြော


2015.10.08
tinnaingthein-usdp-candidate-620.jpg ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ စက်တင်ဘာလ ၈ ရက်နေ့ကကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၁၅ ဦးရဲ့ မဲဆွယ်ပွဲမှာ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်နိုင်သိန်း ဟောပြောနေစဉ်
Photo: Khun Yarzar/RFA

ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် ၅နှစ်မှာ ဒီမိုကရေစီစနစ် ရှင်သန်ရင့်ကျက်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ် လို့ အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်နိုင်သိန်းက ပြောပါတယ်။

ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်းမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၁၅ ဦး မဲဆွယ်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီမဲဆွယ်ပွဲမှာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်နိုင်သိန်းက ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ခိုင်ဖြိုးအစိုးရဟာ ၂ဝ၁၁ ခုကနေ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတော်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကို ခေတ်စနစ်နဲ့ညီအောင် အခြေခံအုတ်မြစ် ချမှတ်ပေးခြင်းနဲ့ ပြည်သူတွေရဲ့လူမှုစီးပွား တိုးတက်ဖို့အတွက်ကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်၊ ကျနော်တို့ အခြေခံအုတ်မြစ်ချမှတ်ပေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကနေပြီး ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုး ရင့်ကျက်ခိုင်မာတဲ့အဆင့်ကို ဆက်လက်တက်လှမ်း ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်"

ဦးတင်နိုင်သိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကလောမြို့နယ်ကနေ ရွေးကောက်ခံခဲ့ရပြီး သမ္မတရုံးဝန်ကြီးဟောင်း ဖြစ်ပါတယ်။

မဲဆွယ်ပွဲကို ရွာငံမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်လည်း တက်ရောက်ခဲ့ပြီး တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက် စတဲ့ မြို့နယ်တွေက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်လောင်းတွေ၊ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နဲ့ အင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ စုစုပေါင်း ၁၅ ယောက် တက်ရောက်ခဲ့ပါတယ်။

အလားတူ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ စုပေါင်းမဲဆွယ်ပွဲတွေကို နေပြည်တော်၊ မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာ ကျင်းပခဲ့ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆက်လက်ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မသီရိမင်းဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။