ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော

0:00 / 0:00

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း၊ ပါတီဥက္ကဌအဖြစ် သမ္မတဦးသိန်းစိန်က ဒီကနေ့အထိ ဆက်လက် တာဝန်ယူထားဆဲဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံကို တက်ရောက်နေတဲ့ ပါတီကိုယ်စားလှယ်တွေက ပြော ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ပါတီဥက္ကဌအဖြစ်က နှုတ်ထွက်ခြင်းမရှိသေးဘဲ ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ဥက္ကဌရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေခြင်းသာဖြစ်တယ်လို့ ပါတီလူငယ်ညီလာခံ တက်ရောက်နေတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

“နဂိုအတိုင်းပဲ၊ ဥက္ကဌက နိုင်ငံတော်သမ္မတကြီးပေါ့၊ သမ္မတကြီးက ဥက္ကဌတာဝန်ကို ယူထားပေမယ့် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့်မို့ ယာယီဥက္ကဌက ဥက္ကဌတာဝန်ကို ထမ်းဆောင်နေတာခင်ဗျ၊ ကျနော်တို့ ပါတီဥက္ကဌကြီးကတော့ ဦးသိန်းစိန်ပါပဲ၊ သို့သော် ဦးသိန်းစိန်ဟာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းမရှိပါဘူး၊ ဥပဒေအရ သူကနာမည်သာရှိတာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမရှိပါဘူး၊ သူကပါတီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ယာယီဥက္ကဌဖြစ်တဲ့ ဦးသူရရွှေမန်းက ဥက္ကဌတာဝန်၊ ဥက္ကဌအလုပ်တွေကို အကုန်လုပ်ပါတယ်ခင်ဗျ၊ ဒီနေ့ဆိုရင် ပြည်ထောင်စုဝန်ကြီး ၄ ပါးလောက်လည်းတက်တယ်၊ သို့သော်သူတို့ဟာ ပါတီမှာရာထူးတွေ ယူထားသော်လည်း ပါတီအလုပ်တွေကို မလုပ်ပါဘူး၊ ဆိုလိုတာက CEC တို့ EC တို့စသဖြင့် ယူထားပါတယ်၊ ယူထားပေမယ့် သူတို့ကလာပြီးတော့ပါတီမှာ တာဝန်ထမ်းဆောင်ခြင်းမရှိပါဘူး၊ မျက်နှာလေးလာပြပြီးတော့ ပြန်သွားတာပါပဲ၊ အဲ့ဒီသဘောပါ”

သမ္မတဦးသိန်းစိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ်က နှုတ်ထွက်လိုက်ပြီဖြစ်ပြီး၊ လက်ရှိပါတီဥက္ကဌအဖြစ် သူရဦးရွှေမန်းက ဆောင်ရွက်နေကြောင်း The Voice နေ့စဉ်သတင်းစာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းဟာ ယခင်က ဦးသိန်းစိန်ရဲ့ ဥက္ကဌလုပ်ငန်းတာဝန်တွေကို ပူးတွဲထမ်းဆောင်နေခဲ့တာဖြစ်ပြီး၊ အခုနေပြည်တော်မှာ ၃ ရက်ကြာကျင်းပနေတဲ့ လူငယ်ညီလာခံအတွင်း ဦးသိန်းစိန်ထံက ဥက္ကဌရာထူး လွှဲပြောင်းရယူလိုက်တာဖြစ်တယ်လို့ အဲဒီစာစောင်တွေမှာ ဖော်ပြထားပါတယ်။

ဦးလှဆွေနဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။