ငြိမ်းချမ်းရေး အတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်

0:00 / 0:00

မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာ ရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထား ဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာငွေကိုပဲ ခွဲဝေသုံးစွဲသွားဖို့ သဘောတူခဲ့တယ် လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

"ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာ မှာ ငွေကြေးပစ္စည်း အထောက်အပံ့များ လိုအပ်မှာဖြစ်ပါတယ်၊ အဲလိုဆောင်ရွက်တဲ့ အခါမှာ ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများ က ပေးလိမ့်မည်ဆိုတဲ့ဟာကို အဓိကမထား ပဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာ ငွေကြေး များကိုသုံစွဲပြီး၊ ငြိမ်းချမ်းရေးရအောင်ဆောင် ရွက်ဖို့လည်း သဘောတူကြပါတယ်၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့အညီ ပြည်သူ များရဲ့ ဘဝလုံခြုံရေးကို ထိပါးလာလျှင် သို့မဟုတ် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အကာအကွယ်မပေးနိုင် တဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးဖြစ်လာလို့ရှိရင် မကောင်းတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားဆုံးဖြတ်ကြပါတယ်"

ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့မညီတာမျိုး၊ ပြည်သူ့ဘဝလုံခြုံရေးကို ထိပါးလာတာမျိုး၊ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်တာမျိုးစတဲ့ မကောင်းတဲ့ ဘေးထွက်ဆိုးကျိူးတွေ ဖြစ်လာမှာတွေကို ကြိုတင်လေ့လာသုံးသပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြန်လည်ခေါ်ယူပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့က သဝဏ်လွှာ ပေးပို့တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီကောင်စီမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီးပြီး ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းရဲ့ဖြေကြားချက်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့အကြံဉာဏ်တွေကို RFA သတင်းထောက်မဇင်မာဝင်းကစုစည်းတင်ပြထားပါတယ်။