ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဟာ ဗိုလ်ချုပ်ဆေထင် ဦးဆောင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းရွှေလီရိပ်သာမှာ ဒီနေ့ပထမဆုံးအကြိမ်တွေ့ဆုံပြီး လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ပိုင်း နိုင်ငံရေးဆွေးနွေး အဖြေရှာမယ့်ကိစ္စမှာ မိမိတို့အနေနဲ့ လွှတ်တော်ပြင်ပကပဲ ဆွေးနွေးဆောင် ရွက်သွားလိုတဲ့အကြောင်း SSPP/SSA နာယက ဗိုလ်ချုပ်ဆေထင်က တင်ပြခဲ့တယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက RFA ကို ပြောပါတယ်။
"အလုံးစုံအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကို အောက်တိုဘာလမှာ ကျင်းပမယ်လို့တော့ကြားတာပဲ၊ ကျနော်တို့ ဗိုလ်ချုပ် ဆေထင်က အဲဒီလက်မှတ်ထိုးပွဲထက် နိုင်ငံရေးဆွေးနွေးပွဲကို အရင်လုပ်မယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးဟာ သူ့ဟာသူအလိုလိုဖြစ်သွားမှာပေါ့နော်၊ နောက်လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း လွှတ်တော်ထဲမှာဝင်ပြီးတော့ နိုင်ငံရေးဆွေးနွေးအဖြေရှာမယ့်ကိစ္စမှာ လွှတ်တော်ပြင်ပြကနေပဲ ကျနော်တို့ဆွေးနွေးချင်တာပေါ့၊ ဆွေးနွေးပြီးရတဲ့ သဘောတူညီချက်ကို လွှတ်တော်မှာပြန်ပြီးတော့ အတည်ပြုပြဌာန်းပေးဖို့ပဲ ကျနော်တို့တောင်းဆိုတင်ပြတာ၊ ပြီးတော့ ကျနော်တို့တင်ပြချက်ကိုလည်း အလေးထားပါ့မယ်လို့တော့ပြောသွားတာပဲ"
အခုလိုတွေ့ဆုံတာဟာ နောင်ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်တဲ့လမ်းကြောင်းမှာ ပိုပြီးအထောက်အကူဖြစ်စေဖို့ မျှော်လင့်ကြောင်းလည်း ဗိုလ်မှူးစိုင်းလက သုံးသပ်ပြောကြားပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်မူအကြောင်း ဆွေးနွေးပြောကြားခဲ့သလို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီးလည်း အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန်မှာ သူရဦးရွှေမန်းက တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုးမြို့တို့မှာ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ ရှမ်းပြည်နယ်ခရီးစဉ်အပေါ် လေ့လာသုံးသပ်သူတွေရဲ့အမြင်တွေကို RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။