ပြည်သူအကျိုးပြုလုပ်ငန်းများ မှန်ကန်စွာလုပ်ဖို့ ဦးရွှေမန်းပြော

ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့အခါမှာ မှန်မှန်ကန်ကန်နဲ့ အရည်အသွေးပြည့် မီပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ပေးကြဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းပြောကြားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက တမူးမြို့နယ်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ကျပ်နှစ်သိန်းတန် ဆိုလာမီးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖံ့ွဖြိုးရေးဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ ကျပ်နှစ်သိန်းတန် ဆိုလာမီး အမျိုးအစားတို့ အရည်အသွေးကွာခြားနေတဲ့ အပေါ် ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးခွန်း ထုတ်ခဲ့ပါတယ်။

အဲ့ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုတိုက်တွန်းပြောကြားခဲ့တာပါ။

"ပြည်သူများအတွက် ပေးလိုက်တဲ့ငွေတွေကိုတော့ စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုဖို့နဲ့ အသုံးပြုတဲ့ ပစ္စည်းများ ဟာလည်း အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းများဖြစ်ဖို့လည်းလိုပါတယ်၊ ပြည်သူနဲ့ ထိတွေ့ဆောင်ရွက်တဲ့ကိစ္စ မှာ ပြည်သူကို အကျိုးပြု၊ ပြည်သူ့ အခြေပြု ဆိုတဲ့နေရာမှာ ပြည်သူကို တကယ်အခြေပြုတယ်ဆိုရင် ပြည်သူ့ လိုအပ်ချက်ကို အမှန်အတိုင်း ပေးထားတဲ့ငွေအတိုင်း အရည်အသွေးပြည့်မှီတာတွေ ဆောင်ရွက်ပေးဖို့လိုပါတယ်၊ အရေးကြီးတာကတော့ ပြည်သူ့ငွေတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်တဲ့နေရာမှာ မှန်မှန်ကန်ကန် စနစ်တကျ အရည်အချင်းပြည့်မှီတာတွေကို ဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်"

လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖံ့ွဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေက ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကြဖို့နဲ့ အစိုးရအနေနဲ့လည်း ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။