ငြိမ်းချမ်းရေး ထိခိုက်မယ့် လုပ်ရပ် ရှောင်ကြဉ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

0:00 / 0:00

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံ တဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ ကြေညာချက် ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အခုလို ဖတ်ကြားခဲ့တာပါ။

“နိုင်ငံတော်ကို ချစ်ကြသူများ၊ ပြည်ထောင်စုစနစ်ကို လိုလားနှစ်ခြိုက်သူများ၊ ဒီမိုကရေစီကို မြတ်နိုးသူ များသည် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဦးတည်ပြီး ဆောင်ရွက်လျှက်ရှိသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိခိုက်စေသော အပြောအဆို၊ အပြုအမူများ မပြုလုပ်ကြ ပါရန်နှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အကြင်နာ၊ မေတ္တာများ ထားရှိဆောင်ရွက်ကြပါရန် အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ကြေညာပါသည်”

လက်ရှိအချိန်ကာလဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အဓိကကျတဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်နေသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အားပေးကူညီနေတဲ့အချိန်လည်းဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ ပြဌာန်းဖို့အပြင် ဖဲ့ွစည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခတွေဖြစ်ပြီး မကြာခင် ဇူလိုင်လ ၃၁ရက်နေ့ကလည်း နိုင်ငံသားအချင်းချင်း ရင်းရင်းနှီးနှီးနေထိုင်ရေး တိုက်တွန်းတဲ့ကြေညာချက်ကို ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအပေါ် လေ့လာသူတွေအကြား မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်နေပါတယ်။ ဒီအကြောင်း ရှုမြင်သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။