နိုင်ငံရေးပါတီတွေ ရန်မဖြစ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

0:00 / 0:00

0:00 / 0:00

နိုင်ငံရေးပါတီ အချင်းချင်း ရန်ဖြစ်မနေကြဘဲ သင့်မြတ်ကြဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပအပြီး လွှတ်တော်ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တစ်ဦးက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်တိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာ မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

"အမျိုးသား ပြန်လည်သင့်မြတ်ရေး အရေးကြီးတဲ့အတွက် အမျိုးသားရေးအပေါ်မှာ အခြေခံဖွဲ့စည်းထားတဲ့ ပါတီအချင်းချင်း သင့်မြတ်ဖို့လိုတယ်၊ ရန်ဖြစ်နေ မသင့်ဘူး၊ အရင်တုန်းက ပါတီအချင်းချင်း အပြုတ်တိုက် အပြတ်ရှှုင်းပေမယ့်လို့ ပြုတ်လည်းမပြုတ်ဘူး၊ ရှိလည်းရှိနေတယ်၊ အဲဒီလို ရန်တွေဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဟာ အခုလို အခြေအနေဖြစ်တယ်၊ ဒါမျိုး မိမိတို့ လက်ထက်ကျလို့ရှိရင် ပါတီအချင်းချင်း အပြုတ်လည်း မတိုက်ဘူး၊ အပြတ်လည်း မရှင်းဘူး၊ ရန်သူလည်း သဘောမထားဘူး၊ လုပ်ဖော်ကိုင်ဖက်လို့ သဘောထားတယ်"

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စု လွှတ်တော် နာယကတို့နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုအပေါ် သူ့အနေနဲ့ အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ သန်းခေါင်စာရင်းကောက်ယူရေး၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဌာန်းရေး၊ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း ဦးသိန်းစိန်အစိုးရဟာ လွှတ်တော်မှာ အကောင်အထည်ဖော်ပေးမယ်လို့ အာမခံထားတဲ့ကတိတွေကို ဆောင်ရွက်ပေးဖို့ ပျက်ကွက်နေတယ်လို့ ပြည်သူ့လွှတ်တော်အစိုးရ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်သုံးသပ်ရေးကော်မတီက အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း ဒေါ်ခင်ခင်အိက တင်ပြထားတာ နားဆင်နိုင်ပါတယ်။