သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ချင်းပြည်နယ်ခရီးစဉ်အဖြစ် ရောက်ရှိသွားတာဖြစ်ပြီး ကလေးမြို့ကို တထောက်ဝင်နားပြီး မနက်ဖြန်မှာ ချင်းပြည်နယ်ဖက်ကို ခရီးဆက်မယ်လို့ သမ္မတနဲ့အတူ လိုက်ပါသွားတဲ့ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးလည်းဖြစ်၊ ချင်းတိုးတက်ရေးပါတီ ဥက္ကဌ လည်းဖြစ်တဲ့ ပူးနိုးထန်ကပ်က RFA ကိုပြောပါတယ်။
" နိုင်ငံတော်သမ္မတအနေနဲ့ ပြည်နယ်တခုသွားဖို့အစီစဉ်ရှိတာ အတော်ကြာပြီထင်တယ်၊ ကိုယ့်ပြည် နယ်တခု နယ်လှည့် ခရီးစဉ်လို့ပြောလို့ရမှာပါ၊ ချင်းပြည်နယ် ခရီးစဉ် ဒီမှာရပ်တာပေါ့ ဒီမှာ နားတာပေါ့''
နိုင်ငံတော်သမ္မတကြီးနဲ့အတူ ကာကွယ်ရေးစစ်ဦးစီးချူပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ သစ်တောဝန်ကြီးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပါဝင်ကြတယ်လို့ ပူးနိုးထန်ကပ်က ပြောပါတယ်။
နိုင်ငံတော်သမ္မတနဲ့အဖွဲ့ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ကလေးတက္ကသိုလ်နဲ့ ကလေးပြည်သူ့ဆေးရုံကြီးတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် ကလေးမြို့ တမူးလမ်းပေါ်ရှိ ကျီကုန်းဘုရား(ရေဆန်ကျွန်း)ကို သွားရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် (ဒကစ) ဝင်းအတွင်းရှိ အောင်ဇေယျခန်းမမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့နယ်အုပ်ချူပ်ရေးမှူးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မနက်ဖြန်မနက်မှာ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ချင်းပြည်နယ် တီးတိန်မြို့ကို ဆက်လက်ထွက်ခွာပြီး ဖလမ်းနဲ့ ဟားခါးမြို့တို့ကို သွားရောက်မယ်လို့သိရပါတယ်။
အခုလို ချင်းပြည်နယ်ကို နိုင်ငံတော်သမ္မတနဲ့အဖွဲ့ လာမယ့်ကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြိး ဦးဗန်ထောင်းက RFA ကို ပြောပါတယ်။
" ပြည်နယ်တိုင်းအားလုံးကို သမ ္မတအနေနဲ့ လိုက်ပြီးတော့မှ သွားပြီးတော့မှ လုပ်ငန်းကြည့်ကြပ်တာတို့ ဒေသခံ ပြည်သူလူထုနဲ့ တွေ့တာတို့ ရှိတယ်လေ၊ အဲလိုလုပ်ငန်းစဉ်နဲ့ပဲ နေမှာပေါ့၊ နွေးနွေးထွေးထွေး စည်ကားသိုက်မြိုက်စွာ ကြိုဆိုဖို့ ကျနော်တို့လူထုတွေကိုလည်း ပြောထားတာရှိပါတယ်၊ နောက်ရပ်မိရပ်ဖတွေနဲ့ တွေဖို့ပေါ့လေ၊ အဲလိုမျိူးလည်း ရှိပါတယ်' '
ဟားခါးဒေသခံတွေကတော့ နိုင်ငံတော်သမ္မတထံ ချင်းပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးပုံမှန်ရရှိရေး၊ သောက်သုံးရေဖူလုံရေးနဲ့ ဟားခါးမြို့ဒီကရီကောလိပ် ဖွင့်လှစ်ပေးရေးကိစ္စတွေကို တင်ပြဖို့ရှိတယ်လို့ သိရပါတယ်။
ဦးသိန်းစိန်ရဲ့ အခုခရီးစဉ်ဟာ သမ္မတ ရာထူးလက်ခံပြီးနောက် ပထဆုံး ချင်းပြည်နယ်ခရီးစဉ် ဖြစ်ပါတယ်။
