မြန်မာနိုင်ငံမှာ ရှေ့လာမယ့် ၂၀၁၅ ခု ရွေးကောက်ပွဲကို တရားမျှတမှုရှိရှိနဲ့ကျင်းပပြုလုပ်ပေးပြီး လူနည်းစု တိုင်းရင်းသားတွေကို သူတို့ လိုအပ်တဲ့ ကာ ကွယ်စောင့်ရှောက်မှု ပေးသွားရင် ဂျာမနီနိုင်ငံအနေနဲ့ စီးပွားရေး ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ပေးသွား မှာ ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ မနေ့ညက တွေ့ ဆုံဆွေးနွေးကြပြီးတဲ့နောက် ပူးတွဲသတင်းစာရှင်းလင်း ပွဲပြုလုပ်တဲ့အခါမှာ ဂျာမန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးနေထိုင်တဲ့ နိုင်ငံဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုရှိနိုင်ဖို့ ငြိမ်းချမ်းရေးက သိပ်ကိုအရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး ရှိနိုင်ဖို့ဆိုရင် လူမျိုးစုတွေ အပေးအယူလုပ်မှု၊ သီးခံမှုဆိုတာတွေ လိုကြောင်း ပြောပါတယ်။
အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဦးသိန်းစိန်ကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံက တက်လှမ်းလာတာ သုံးနှစ်သာရှိသေးကြောင်း၊ ပြဿနာအခက်အခဲ အမျိုးမျိုးကိုရင်ဆိုင်ခဲ့ရကြောင်း၊ သွေးထွက်သံယို မရှိပဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ခဲ့ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုရှိရင် ဒီမိုကရေစီရေးဟာ လွယ်ကူမှာဖြစ်ကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အတိုက်အခံအင်အားစုတွေက ပြောဆိုနေတာကို လွှတ်တော်နဲ့ လူထုဆန္ဒခံယူပွဲတွေက ထောက်ခံရင် သူ့အနေနဲ့ လိုက်လျောမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
မြန်မာနဲ့ ဂျာမနီ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတဲ့ကိစ္စနဲ့ နှစ်နိုင်ငံ အနှစ် ၆၀ ဆက်ဆံရေး အခြေအနေကို ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။
